မကွေး ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ပခန်းကြီး၊ မြေဖြူ၊ စည်သာ၊ ဆင်ချောင်းစသည့် ကျေးရွာများတွင် ဝါသီးနှံကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝါသီးနှံကို ဇူလိုင်လနှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ခူးဆွတ်ရကြောင်း၊ သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍ရှိပြီး ဒေသမျိုးများဖြစ်သော ငွေချည်- ၉၊ ရွှေတောင်- ၁၀၊ ချည်မျှင်ရှည်ဝါမျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ခုနစ်ပိဿာခန့်နှင့် ထွန်ယက်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ခူးဆွတ်ခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဝါပိဿာချိန် ၃၂၀-၃၅၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများက ဝါစိုက်ခင်းများအထိ လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် ပခုက္ကူမြို့နှင့် မန္တလေးမြို့တို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ၍ ဝါစိုက်တောင်သူများအနေဖြင့် အမြတ်ရလျက်ရှိသည့်အပြင် ဝါခူးဆွတ်သူ(ဝါကောက်သူ) များလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သတင်းရင်းမြစ်-စီးပွား/ကူးသန်း