ရေစကြို ၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေစကြိုမြို့နယ်အတွင်း မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးရွာ(၈)ရွာအတွက် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီခွဲက ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေးပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့် ဝန်ထမ်းများအဖွဲ့သည် ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာနှင့် ဝန်ထမ်းများ လိုက်ပါ၍ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြားရှိ ကျေးရွာ (၈)ရွာအတွက် ဆိုလာစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်း တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကျေးလက်နေပြည်သူများ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကဏ္ဍအလိုက် လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် ကျေးရွာနေပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ အဆင်ပြေချောမွေ့စေရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးရွာ (၈)ရွာဖြစ်သည့် ငတရော်ကျေးရွာ၊ မြေစွန်းကျေးရွာ၊ ကိုင်းကျေးရွာ၊ မြေတော်ကျေးရွာ၊ သပြေပင်ကျေးရွာ၊ ဘီစပ်ကုန်းကျေးရွာ၊ ညောင်မွှေးပင်ကျေးရွာ၊ ဆည်သစ်မြင်ကျေးရွာတို့မှ ဒေသခံကျေးလက်နေပြည်သူများ (၂၄)နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ကမ္ဘာ့ဘဏ်၊ ဂျာမနီနိုင်ငံနှင့် GIZ တို့နှင့် ပူးပေါင်းပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်နှီးမြှုပ်နှံသည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ကာ Parami Energy ကုမ္ပဏီနှင့် Mega Global Green Automation ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုလ ၂ ရက်နေ့တွင် လုပ်ငန်းပြီးစီးမှု ၉၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆိုလာစနစ်ဖြင့် ဆောင်ရွက်နေသော လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက ရေစကြိုမြို့နယ် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် အကြားရှိ ကျေးရွာ(၈)ရွာမှ အိမ်ခြေ ၁၃၉၉ ရှိ လူဦးရေ ၆၆၆၆ ဦးအား ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲခွင့် ရရှိစေမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)



