သုဝဏ္ဏဝတီမြို့ ဒီဇင်ဘာ ၄
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရော်ဘာစိုက် တောင်သူများသည် ရော်ဘာစေး အထွက်ကောင်းချိန်၌ ရော်ဘာပြားများ ရောင်းချရာတွင် ရော်ဘာတစ်ပေါင်ကို ကျပ်သုံးထောင်ခန့် ဈေးရရှိနေသောကြောင့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်း သိရသည်။
“အခု ဆောင်းရာသီ အအေးဓာတ်ရလာလို့ ရော်ဘာစေး အထွက်ကောင်းတယ်၊ ဒီရာသီမှာ စပြီးရောင်းကတဲက တစ်ပေါင်ကို ကျပ် သုံးထောင်နီးပါးရလို့ အဆင်ပြေပါတယ်၊ မှိုင်းမတင်တော့ဘဲ နေလှမ်းပြားဘဲ လာရောင်းတာပါ၊ နေလှမ်းပြား တစ်ပေါင်ကို ကျပ် ၂၈၀၀ ကျပ် ရပါတယ်” ဟု သထုံမြို့နယ် နောင်ဘိုကျေးရွာမှ တစ်ပိုင်တစ်နိုင် ရော်ဘာခြံပိုင်ရှင်ဖြစ်သူ ဒေါ်မိငယ်က ပြောသည်။
“နှစ်ပတ်တစ်ခါ ရော်ဘာပြားရသလောက် လာရောင်းပါတယ်၊ ခြံရှင်နဲ့ ထက်ဝက်စားဆိုပေမယ့် ကျနော်တို့က အဆုပ်တုံး၊ ဓါးစာ(ဆွဲဖတ်)တွေပါ အပိုလုပ်အားခအနေနဲ့ ရပါတယ်” ဟု ဝင်းပကျေးရွာမှ ရော်ဘာစေးအငှားခြစ်သူ စောကပေါ်က ပြောသည်။
“ရွာတွေက ရော်ဘာခြံတိုင်း အစေးခြစ်ယူကြတဲ့အပြင် ဒီအချိန်က ရော်ဘာအစေးရည် တိုးတာကြောင့် ရော်ဘာပြား အများဆုံး ဝယ်ရတယ်၊ ခုအချိန် တစ်ရက်ကို ပေါင် လေးသောင်းခွဲ / ငါးသောင်းနီးပါး ဝယ်နေရပါတယ်၊ နေလှန်းပြားဘဲ အဝယ်များတယ်၊ မှိုင်းတင်ပြီး ဝယ်ယူသူ ရော်ဘာရောင်းဝယ်ရေး ကုမ္ပဏီတွေကို ပြန်ရောင်းပါတယ်” ဟု သုဝဏ္ဏဝတီမြို့ ရွှေလက်ဆောင် ရော်ဘာရောင်းဝယ်ရေးဆိုင်မှ ဒေါ်ထားရွှေက ပြောသည်။
ယခုနှစ် ရော်ဘာရာသီစတင်ချိန် စက်တင်ဘာ နောက်ဆုံးပတ်က ရော်ဘာတစ်ပေါင် ကျပ် သုံးထောင့်သုံးရာကျော်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ယခု ဒီဇင်ဘာလအစတွင် ရော်ဘာတစ်ပေါင် ကျပ်သုံးထောင်အတွင်း ဈေးရရှိနေသောကြောင့် သထုံမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာအစေးခြစ် အလုပ်သမားများသည် ရော်ဘာအထွက်များ၍ ဈေးနှုန်းကောင်းမွန်စွာ ပုံမှန်ရရှိနေကြောင်း သိရသည်။
ခွန်(ဝင်းပ)