ရာသီပိတ်ပွဲစဉ်တွင် ဗီလာအသင်းကို အနိုင်ရရှိပြီး မန်စီးတီးအသင်း ပရီမီယာလိဂ်ဖလားဆွတ်ခူး

၂၀၂၁-၂၀၂၂ ပရီမီယာလိဂ် ရာသီပိတ်ပွဲစဉ်များကို မေ၂ ရက် ညပိုင်း ၉ နာရီခွဲတွင် ပွဲစဉ်အားလုံး တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဖလားဆွတ်ခူးရန် အရေးပါသည့် ဦးဆောင်သူ မန်စီးတီးအသင်းနှင့် အက်စ်တွန် ဗီလာအသင်းတို့ ပွဲစဉ်၌ မန်စီးတီးရာမှ ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သောကြောင့် သုံးဂိုးနှစ်ဂိုးဖြင့် မန်စီးတီးအသင်း အနိုင်ရရှိပြီး အမှတ်ပေးဖလားကိုခြောက် ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ ဦးဆောင်သူ မန်စီးတီးအသင်းကို ထက်ကြပ်မကွာ ဖိအားပေး လျက်ရှိသော လီဗာပူးအသင်းသည် ရာသီပိတ်ပွဲစဉ်တွင် ဝုဖ်အသင်းကို အနိုင်ရရှိခဲ့သော်လည်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ စပါးအသင်းသည် နော့ဝှစ်ချ်အသင်းကို ငါးဂိုးပြတ် အနိုင်ရရှိခဲ့သောကြောင့် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သည်။

ဘန်လေအသင်းသည် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ကြိုးစားလာခဲ့သော်လည်း နယူးကာဆယ် အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် နော့ဝှစ်ချ်၊ ဝက်ဖို့ဒ်အသင်းတို့နှင့်အတူ တန်းဆင်း ခဲ့ရသည်။

ပရီမီယာလိဂ်ရာသီပိတ်ပွဲစဉ် များပြီးဆုံးချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးနှင့် စပါးအသင်းတို့ ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲသို့ အာဆင်နယ်နှင့် မန်ယူအသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲသို့ ဝက်စ်ဟမ်းအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ပရီမီယာလိဂ် ဂိုးအများဆုံးသွင်းသူစာရင်းတွင် လီဗာပူးအသင်းတိုက်စစ်မှူး ဆာလာနှင့် စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်တို့က ၂၃ ဂိုးစီဖြင့် ရပ်တည်နိုင်ခဲ့သည်။

ချန်ပီယံရှစ်ပြိုင်ပွဲမှ ဖူလ်ဟမ်အသင်းနှင့် ဘုန်းမောက်အသင်းတို့ ပရီမီယာလိဂ်သို့ တိုက်ရိုက်တန်း တက်ခွင့်ရရှိခဲ့ပြီး ဟက်ဒါဖီးလ်အသင်းနှင့် နော်တင်ဟမ် ဖောရက်စ်အသင်းတို့ထဲမှ အနိုင်ရရှိမည့် အသင်းသည် ပရီမီယာလိဂ်သို့ တန်းတက်ခွင့်ရရှိမည်ဖြစ်သည်။

အောင်ဇော်