ရှာရွတ်ခမ်းရဲ့ သား မူးယစ်ဆေးမှုနဲ့ စစ်ဆေးခံရ

ကျော်ကြားတဲ့ ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခမ်းရဲ့ သားဟာ မူးယစ်ဆေးစုံစမ်းစစ်ဆေးမှုတစ်ခုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အာယန်ခမ်းဟာ မွမ်ဘိုင်းမှာဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုအတွက် အောက်တိုဘာ ၂ ရက်က ဖမ်းဆီးခံခဲ့ရပြီး သုံးရက်ကြာ ဖမ်းဆီးခံထားရကြောင်း အောက်တိုဘာ ၄ ရက်မှာ သူ့ရဲ့ ရှေ့နေက ပြောကြားခဲ့ပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ မွမ်ဘိုင်းရဲတွေဟာ သင်္ဘောတစ်စင်းကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် မူးယစ်ဆေးမှုနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးစဉ် အာယန်ခမ်းကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုက အဆိုပါမူးယစ်ဆေးမှုကို စုံစမ်းစစ်ဆေးနေတာဖြစ်ပြီး အာယန်ခမ်းနဲ့အတူ အခြားသူနှစ်ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ရှာရွတ်ခမ်းရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိဘူးလို့လည်း သိရပါ တယ်။ အာယာခမ်းနဲ့အတူ ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ ရှေ့နေကတော့ သူတို့တွေကို သုံးစွဲသူတွေအဖြစ် စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ကြောင်း တရားခွင်ပြင်ပမှာ မီဒီယာတွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်