ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်ကို အသိပညာ ဗဟုသုတရှာဖွေသူ ပြည်သူလူထုကို အထောက်အပံ့ဖြစ်စေရန်၊ စာဖတ်ရှိန်မြင့်မားရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဘဝနေထိုင်ရေးတွင် အထောက်အကူဖြစ်စေမည့် ဗဟုသုတဆိုင်ရာ စာအုပ်စာပေများကို လက်တွေ့ အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ အမျိုးသားစာကြည့် တိုက်(နေပြည်တော်)တွင် မြန်မာဘာသာစာအုပ်များ၊ အင်္ဂလိပ်ဘာသာစာအုပ်များ၊ ဘွဲ့ယူကျမ်းများ၊ ပြည်ပမှ ထုတ်ဝေသည့် မြန်မာနိုင်ငံအကြောင်းဆိုင်ရာ စာစုများ၊ စာနယ်ဇင်းများ၊ ရှေးဟောင်းပေစာ၊ ပုရပိုက်များစသည့် စာပေအနုပညာပစ္စည်းများကို စုဆောင်းထိန်းသိမ်းပြီး အများပြည်သူကို ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း၊ ထို့အပြင် e-Library စာဖတ်ခန်းတွင်လည်း အင်တာနက်ကို အသုံးပြု၍ စာပေဗဟုသုတများကို ရှာဖွေဖတ်ရှုနိုင်ပြီဖြစ်ပါကြောင်း၊ အမျိုးသားစာကြည့်တိုက်၏ ရည်မှန်းချက်ဖြစ်သည့် “အမျိုးသားစာပေအမွေအနှစ်များ စုဆောင်းထိန်းသိမ်းဝန်ဆောင်မှုပေးရာ ဗဟိုဌာန ဖြစ်လာစေရန်”ဆိုသည့် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံအရပ်ရပ်တွင်ရှိသည့် ရှေးဟောင်း စာပေအမွေအနှစ်များကို စုဆောင်းခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် ထိန်းသိမ်းဆောင် ရွက်ခြင်း၊ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများကို ဒီဂျစ်တယ်ပုံစံဖြင့် အများပြည်သူဖတ်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်မြင့်မားရေးအတွက် အသိပညာဗဟုသုတ ရှာမှီးရေးသည် အလွန်အရေးကြီး ပါကြောင်း။

 

အသိပညာဗဟုသုတ၏ အခြေခံ သည် စာပေဖြစ်သည့်အတွက် စာပေမြင့်မှ လူမျိုးမြင့်မည် ဆိုသည့် ဆောင်ပုဒ်အတိုင်း စာပေနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်များက တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကလေးစာကြည့်တိုက်အစီအစဉ်အနေဖြင့် ကလေး များစာကြည့်တိုက်အသုံးပြုမှု ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း အလေ့ အထ ပြုစုပျိုးထောင်ပေးနိုင်ရေး၊ ပြင်ပဗဟုသုတနှင့် အတွေ့အကြုံကောင်းများ ရရှိစေရေးအတွက် နေပြည်တော်ဝန်းကျင်ရှိ အခြေခံ ပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက် သည့် အစီအစဉ်များလည်း ပါရှိမည်ဖြစ်ပါကြောင်း၊ ပျော်ပွဲရွှင်ပွဲ၊ အမှတ်တရ ဈေးရောင်းပွဲလည်း ပါရှိမည် ဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဝေသည့်စာအုပ်များ၊ ပြင်ပမှ စာအုပ်အရောင်းဆိုင်များ၊ စာကြည့်တိုက်အမှတ်တရပစ္စည်းများနှင့် အစားအသောက်များ ရောင်းချ သွားမည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်ကလေးများအား စာများများဖတ်ရန် တိုက်တွန်းလိုပါကြောင်း၊ ကံချင်းတူလျှင် ဉာဏ်ရှိသူက ရှေ့သို့ရောက်ပါကြောင်း၊ ဉာဏ်ချင်းတူလျှင် ဝီရိယရှိသူက သာပါကြောင်း၊ ဝီရိယရှိသူချင်းတူလျှင် စာဖတ်သူက ရှေ့သို့ရောက်မည် ဖြစ်ပါကြောင်း တို့ကို ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာ မိုးဇော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရှားပါးစာအုပ်ပြပွဲ ခင်းကျင်းထားမှုများနှင့် ကလေး စာကြည့်တိုက် အစီအစဉ်ကျင်းပနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။ ရှားပါးစာအုပ်ပြပွဲ၊ ကလေး စာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော်ကို ယနေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)