ရန်ကုန်     မတ်     ၈

၂၀၂၅-၂၀၂၆  ရာသီ MNL အမှတ်ပေးပြိုင်ပွဲ  ပွဲစဉ်(၂၀) နောက်ဆုံးနေ့ကို မတ် ၈ ရက်က တောင်ကြီးကွင်း၌  ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ရာမညယူနိုက်တက်အသင်းကို ငါးဂိုးပြတ်အနိုင်ရရှိသည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ရာမညယူနိုက်တက်ကို အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ယူပြီးနောက်   လက်ကျန်နှစ်ပွဲအလိုတွင် ချန်ပီယံဆုရယူနိုင်ရန် နီးစပ်လာသည်။ ထို့ပြင် ၂၀၂၀ ရာသီ ပွဲစဉ်(၅)ကတည်းက စတင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း၏  လိဂ်ပွဲရှုံးပွဲမရှိစံချိန်မှာလည်း ၉၈ ပွဲအထိရှိလာပြီး လက်ကျန်နှစ်ပွဲတွင် ရှုံးပွဲမရှိအောင် ကစားနိုင်ပါက ရာပြည့်ရှုံးပွဲမရှိစံချိန်ဖြင့် MNL အမှတ်ပေးချန်ပီယံဆုကို ခုနစ်ကြိမ်မြောက်နှင့် ခြောက်ရာသီဆက်တိုက်ရယူနိုင်ရန် နီးစပ်လာခဲ့သည်။ မြန်မာ့ဘောလုံးနှင့် ပရော်ဖက်ရှင်နယ်လိဂ်ဖြစ်သော MNL ပြိုင်ပွဲတွင် ထူးခြားဖြစ်စဉ်အဖြစ် ရှမ်းပြည်နယ်ဂုဏ်ဆောင် ရှမ်းယူနိုက်တက်အသင်း၏ ရှုံးပွဲမရှိစံချိန်မှာ  ပွဲ ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး  ယခုရာသီတွင်သာ ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုထပ်မံရယူနိုင်ပါက တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုကို နောက်ဆုံးလေးရာသီဆက်တိုက်နှင့် ငါးကြိမ်မြောက် ရယူနိုင်မည် ဖြစ်သည်။ ထို့ကြောင့် စံချိန်တင်အောင်မြင်မှုများနှင့်အတူ အအောင်မြင်ဆုံး အသင်းဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းပြီး MNL လိဂ်တွင် သမိုင်းသစ်ရေးထိုး နိုင်ရန် ရှမ်းယူနိုက်တက်အသင်းသည် လက်ကျန်ပွဲများကို အမှားအယွင်းမရှိ ကစားနေပြီး အနိုင်သုံးမှတ်ကို ဂိုးပြတ်နိုင်ပွဲနှင့်အတူ ရယူနိုင် ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများပြုလုပ်ခဲ့သော်လည်း   ရာမညယူနိုက်တက်ကို   တစ်ဖက်သတ်ဖိကစားခဲ့ပြီး ပြတ်သားသည့် အနိုင်ရလဒ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၃၃ မိနစ်တွင် ဘာကာယိုကို၊ ၃၇ မိနစ်တွင် ရဲရင့်အောင်၊ ၅၅ မိနစ်တွင် ခွန်ကျော်ဇင်ဟိန်း၊ ၆၀၊ ၉၀+၂ မိနစ်တွင် စအောင်ပြည့်ကိုတို့က သွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက်သည် လက်ကျန်ပွဲများအဖြစ် မတ် ၁၂ရက်တွင် မဟာယူနိုက်တက်၊ မတ် ၁၈ ရက်တွင် ဟံသာဝတီယူနိုက်တက်တို့နှင့် ကစားရမည်ဖြစ်ပြီး နှစ်ပွဲစလုံးအနိုင်ရပါက ချန်ပီယံဆုရယူနိုင်မည်ဖြစ်သည်။

ပွဲစဉ်(၂၀)အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၅၂မှတ်ဖြင့် ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်က ၅၁ မှတ်၊ ဒဂုံစတားယူနိုက်တက် က ၃၈ မှတ်၊ ဟံသာဝတီယူနိုက်တက်က ၂၇မှတ်၊ ရတနာပုံအသင်းက ၂၆ မှတ်၊ မဟာယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းက ၂၅ မှတ်စီ၊ ဧရာဝတီယူနိုက်တက်က ၂၃ မှတ်၊ သစ္စာအားမာန်အသင်းက ရမှတ် ၂၀၊  Dagon Port အသင်းက ၁၉ မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက ၁၈ မှတ်၊ ရာမညယူနိုက်တက်အသင်းက ခြောက်မှတ်ရရှိထားသည်။            

သတင်း - ကိုညီလေး

ဓာတ်ပုံ - MNL