ပူတာအိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းများဆောင်ရွက်

ပူတာအို၊ ၂၀ ဇန်နဝါရီ

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူများ စနစ်တကျ Mask တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ပူးပေါင်းကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး တေးသရုပ်ဖော် အကများဖြင့် အသိပညာပေးနှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီက ပူတာအိုမြို့ လူစည်ကားရာဈေးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသူလေးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask တပ်ဆင် သွားလာရန်၊ စနစ်တကျလက်ဆေးရန်၊ လူစုလူဝေးရှောင်ရှားရန် တေးသရုပ်ဖော်အကများဖြင့် အသိ ပညာ ပေး နှိုးဆော်မှုများ ပြုလုပ်ခြင်း၊ ဈေးသူစေျးသားများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာ‌ပေး နှိုးဆော်မှုများဆောင်ရွက်ရာတွင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူ၊ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဇော်၊ ဗန်းမော်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည် စိုး၊ မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးဇာနည်ထွန်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်အားကာမှူး ဒေါ်ခင်မိုးသဲ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ် မှူး ဒေါ်အားတာဒွေ့နှင့် ၀န်ထမ်းများ၊ ကျောင်းသူလေးများနှင့် ခရိုင်လူငယ်‌ရေးရာအဖွဲ့တို့ ပူးပေါင်းမှုဖြင့် ပူတာအိုမြို့  လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး(မနက်ဈေး)နှင့် လေယာဉ်ကွင်းဈေး(မနက်ဈေး)၊ လေယာဉ်ကွင်း ရုပ်ထုလမ်းဆုံနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တေးသရုပ် ဖော်အက များဖြင့် လူစည်ကားရာနေရာများတွင် အသိပညာပေးနှိုးဆော်မှုများကို အခါအားလျော်စွာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာန ခရိုင်အားကာမှူး ဒေါ်ခင်မိုးသဲထံမှ သိရသည်။

ဖုန်ကန်(ပူတာအို)