ပုသိမ် ၃၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး မကော်မတီဝင်များ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား နေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား ခရီးစတင်ထွက်လာသည့်ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းရယူခြင်း၊ ခရီးသွားထောက်ခံစာပါ၊ မပါစစ်ဆေးခြင်းတို့အပြင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း၊ ဆိုင်ကယ်ဖြင့် ခရီးသွား ပြည်သူများအား ဆိုင်ကယ် ဦးထုတ်ဆောင်းရန်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် မြို့တွင်းရှိ လမ်းစုံလမ်းခွများ၊ စျေးများတွင် နှာခေါင်းစည်းများ အခမဲဝေငှခြင်း၊ Mask များ စနစ်တကျ တပ်ဆင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပညာပေးပြောပြခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်များဖြင့် ကြေညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ-မောင်မောင်မြင့်(ပြန်/ဆက်)


