ပုသိမ် မေ ၂၆
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းက ပုသိမ်စက်မှုစီမံကိန်းရုံး၌ ပြုလုပ်သည်။
ဦးစွာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အလုပ်သမားဝန်ကြီးဌာနအောက်ရှိ မိတ်ဖက်ဌာနများမှ တိုင်းဒေသကြီး တာဝန်ခံများက အလုပ်သမားရေးရာဥပဒေများ၊ ဥပဒေပါ အကျိုးခံစားခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီအမံများ၊ လုပ်ငန်းခွင်ဆိုင်ရာ လိုက်နာရမည့် တာဝန်များနှင့် အငြင်းပွားမှုဖြေရှင်းသူများ လိုက်နာရမည့်ကျင့်ဝတ်များကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းသို့ စက်ရုံ၊ အလုပ်ရုံ ၁၀ ရုံမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင် သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


