ပုပ္ပားဒေသထွက်သီဟိုဠ်စေ့များ ဈေးနှုန်းအဆမတန် ကျဆင်းလာခြင်းကြောင့် သီဟိုဠ်ပင်များခုတ်၍ အစားထိုးသီးနှံစိုက်ပျိုးမှုများလာ

 

 


 

 

 

ကျောက်ပန်းတောင်း၊ ၂ ဇွန် 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ဒေသထွက် သီဟိုဠ်သရက်(သီဟိုဠ်)စေ့များ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန် သီဟိုဠ်စေ့ ပွဲစားများ လာရောက်ဝယ်ယူမှုမရှိခြင်း၊ လာရောက်ဝယ်ယူသည့် ပွဲစားများရှိသော်လည်း သီဟိုဠ်စေ့ဈေးနှုန်းများ အဆမတန် နှိမ်ချဝယ်ယူခြင်းများကြောင့် ဈေးကွက်ရောင်းအားကောင်းမွန်ပြီး မိသားစုစီးပွားရေး တွက်ခြေကိုက်နိုင်သည့် သီးနှံများအား ရွေးချယ်စိုက်ပျိုးမှုများလာကြောင်း လျှော်တောကျေးရွာ ဦးညိုမောင်ထံက သိရသည်။

 

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆင်ဆင်းကျေးရွာ၊ နဂါးလည်ကျေးရွာ၊ ဆည်ကျေးရွာ၊ စီးမကျေးရွာနှင့် လျှော်တောကျေးရွာများသည် သီဟိုဠ်သရက် အမြောက်အမြား စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြကာ အခါတိုင်းနှစ်များတွင် သီဟိုဠ်သရက်စေ့ပေါ်ချိန် တစ်တင်းလျှင် ငါးသောင်းကျပ်မှခြောက် အထိရောင်းချခဲ့ရသော်လည်း ယခုနှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် သီဟိုဠ်သရက်စေ့ ဈေးနှုန်းကျပ် (၁၀၈၀၀)မှ ကျပ်(၂၀၀၀၀)သာ ရောင်းချရကြောင်း သီဟိုဠ်သရက်စိုက် တောင်သူများထံမှ သိရသည်။

 

သီဟိုဠ်သရက်သည် နှစ်ရှည်ပင်အမျိုးအစား သရက်ဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ ဆယ်နှစ်အတွင်း အသီးသီးနှုန်းကောင်းမွန်ကာ အပင်သက်တမ်း ဆယ်နှစ်ကျော်လျှင် အပင်သာကြီးလာပြီး အသီးသီးနှုန်းမှာလည်း လျော့နည်းလာကြောင်း၊ အချို့နှစ်များတွင် အသီးမသီးသည့် နှစ်များရှိလာသလို ယခုနှစ်တွင် ဈေးကွက်အနေအထားများ ပျက်လာခြင်းကြောင့် သီဟိုဠ်သရက်ပင်များနေရာတွင်  အခြားဈေးကွက်ကိုက်မည့် သီးပင်များ အစားထိုးစိုက်ပျိုးမှုများလာကြောင်း၊ သီဟိုဠ်သရက်ပင်များအား ခုတ်ပစ်ပြီး ခြောက်လမာလကာ၊ ကီလိုမာလကာ၊ နဂါးမောက်၊ စိန်တစ်လုံးသရက်များဖြင့် အစားထိုးစိုက်ပျိုးမှုများလာကြောင်း လျှော်တောကျေးရွာ ဦးအောင်ဝင်းမှ ရှင်းပြသည်။

 

သီဟိုဠ်သရက်ပင်များသည် တပေါင်း၊ တန်ခူးတို့တွင် အဖူးပွင့်စတင်ပွင့်ကြပြီး ကဆုန်၊ နယုန်တို့တွင် ရင့်မှည့်ကာ အောက်သို့ကြွေကျသည့် သီဟိုဠ်စေ့များ ကောက်ယူကြကြောင်း၊ သီဟိုဠ်စေ့ပေါ်ချိန် လျှော်တောတစ်ရွာထဲပင်လျှင် တင်းသုံးရာကျော်ထွက်ရှိကြောင်း သိရသည်။ သီဟိုဠ်သရက်ပေါ်ချိန် ဈေးကွက်မကောင်းမွန်ခြင်းတို့ကြောင့် အချို့သီဟိုဠ်သရက်စိုက်ခြံရှင်များ သီဟိုဠ်စေ့မကောက်တော့သည်ထိ ရှိကြပြီး သီဟိုဠ်သရက်ခြံများအစား ဈေးကွက်ကိုက်မည့် သီးနှံများ ရွေးချယ်စိုက်လာကြသည်။

 

သီဟိုဠ်သရက်များအား ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်းကျေးရွာအုပ်စု၊ သစ်ထောင့် မြောက်ကျေးရွာတွင် တောင်သူ ဦးအုန်းမောင်စိုက်ပျိုးသည့် နှစ်ဧကခွဲ စိုက်ခင်းမှလည်း သီဟိုဠ် သရက်စေ့ဈေးကွက် ပျက်နေခြင်းကြောင့် အခြားသီးနှံ စိုက်ပျိုးဖို့လုပ်ဆောင်နေကြောင်း ဦးအုန်းမောင်က ရှင်းပြ၍ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)