ကော့မှူး ၃၀ နိုဝင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယနေနံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးဝင်းထွန်းက မြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာဆေးထိုးနှံရန် စာရင်းကောက်ထားသည့် အမျိုးသမီးငယ် (၂၀၀၀)ခန့်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ (၂) ရက်နေ့မှ စတင်၍ (၄)ရက်နေ့အထိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးငယ် တစ်ဦးအတွက် အိတ်ခ်ျပီဗီကာကွယ်ဆေးတစ်ကြိမ်စာ တန်ဖိုးမှာ (၄.၅) အမေရိကန်ဒေါ်လာဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေမှ (၁၀)ရာခိုင်နှုန်းနှင့် Gavi, the vaccine alliance မှ (၉၀)ရာခိုင်နှုန်း ကုန်ကျပါကြောင်း၊ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင်လည်းအား လုံးပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGOအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)


