၁၇ ဖေဖော်ဝါရီ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းဘုရားပုထိုးများပေါ်သို့ တက်ရောက်ခြင်းမပြုရန်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်‌ပေးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်ချက်တစ်ခုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ  အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

ပုဂံယဉ်ကျေးမှုအမွေအေနှစ်ဒေသ၌ (၂၁.၂.၂၀၁၆)ရက်နေ့တွင်အမေရိကန် နိုင်ငံသား(၁)ဦး ရွှေဂူကြီးဘုရား ကွမ်းတောင်အထက်ပိုင်းသို့ တက်ရောက်ရာမှ ပစ္စယာပေါ်သို့ပြုတ်ကျ၍ ဦးခေါင်းပိုင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၁၅.၇.၂၀၁၇)ရက်နေ့တွင် ဂျာမနီနိုင်ငံသူ(၁)ဦး မင်းနန်သူတောင်ဘက် ဘုရားအမှတ် (၅၇၁)မှ ပြုတ်ကျခဲ့ရာ ညာဘက်နံရိုးနှစ်ချောင်းကျိုး၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၇.၁၁.၂၀၁၇) ရက်နေ့တွင် အမေရိကန်နိုင်ငံသူ(၁)ဦး ဝတ္တနတောဘုရားစု ဘုရားအမှတ်(၃၅၂)တွင် ရှုခင်းအလှ ဓါတ်ပုံရိုက်ကူးရာမှပြုတ်ကျ၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့ခြင်း၊ (၂၇.၃.၂၀၁၈)ရက်နေ့တွင် ဂျာမနီနိုင်ငံသူ(၁)ဦး မြင်းကပါကျေးရွာအနီးရှိ ဘုရား အမှတ်(၁၂၉၁)တွင် ရှုခင်းအလှဓါတ်ပုံ ရိုက်ကူးရာမှ ပြုတ်ကျ၍ ဦးခေါင်းပိုင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၁၂.၁၂.၂၀၁၈) ရက်နေ့တွင် အမေရိကန်နိုင်ငံသူ(၁)ဦး အနောက် လိုဏ်ရှည် ဘုရားအမှတ်(၃၈၆)မှ ပြုတ်ကျခဲ့ရာ ညာဘက်တင်ပဆုံရိုးနှင့် ခြေသလုံးရိုးကျိုး၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း၊ (၃၀.၁.၂၀၁၉)ရက်နေ့ တွင် ပြင်သစ်နိုင်ငံသား(၁)ဦး ရှင်အရဟံသိမ်၏ အရှေ့ဘက် ဘုရားအမှတ် (၁၂၈၉)မှ ပြုတ်ကျ၍ ညာဘက်ဒူးခေါင်း ဂုံညင်းရိုးကျိုး၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းနှင့် (၁၆.၈.၂၀၁၉)ရက်နေ့ နံနက် ၁၁ နာရီခွဲတွင်  ကိုရီးယားနိုင်ငံသား(၁)ဦး မင်းနန်သူကျေးရွာအနီး လေးမျက်နှာ ဘုရားဝင်း အတွင်းရှိ ရှေးဟောင်းအဆောက်အအုံအမှတ်(၄၄၈) လေးမျက်နှာ အုတ်ကျောင်း၏ အနောက်တောင်ထောင့်၊ မြေပြင်မှ(၁၅)ပေခန့်၊ အုတ်ကျောင်းလှေကား၏ ပထမဆင့်နေရာ၌ သေဆုံးလျက်ရှိခြင်းနှင့် (၁၄.၂.၂၀၂၀) ရက်နေ့တွင် နေထွက်ရှုခင်း ကြည့်ရှုရန်အတွက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ဆူးလေကုန်းဘုရားစု၊ ရှေးဟောင်းအဆောက်အအုံ အမှတ် (၃၂၈-ခ)ပေါ်သို့ တက်ရောက်၍ စေတီတော်၏ ဖောင်းရစ်အထက်ရှိ အထွဋ်(ခရေသီး)ကို ဆွဲကိုင်ရာမှ ခရေသီးပဲ့ကျ၍ လိမ့်ကျခဲ့ရာ ညာဘက် ဆီးခုံရိုးကွင်း အောက်ကျိုးဒဏ်ရာ ခြေချော်လိမ့်ကျခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါသည်။

 

1

 

မိမိတို့ဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ရှေးဟောင်းအဆောက်အအုံများပေါ်သို့ တက်ရောက် မှုမရှိစေရေး ယဉ်ကျေးမှုနယ်မြေအတွင်း အမြဲမပြတ် လှည့်လည်ကြီးကြပ် တားမြစ်ဆောင်ရွက် လျက်ရှိပါသည်။ ဘုရားပေါ်သို့ မတက်ရောက်စေရန်အတွက် သတိပေးနှိုးဆော်ချက် ဆိုင်းဘုတ် များကိုလည်း (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့် ပြည်တွင်း/ ပြည်ပဧည့်သည် အများအပြား လာရောက်လေ့လာလျက်ရှိသော နေရာများ၊ အခြားသင့်လျော်သည့် နေရာများတို့တွင် စိုက်ထူထားရှိပြီး မကြာခဏ အသိပညာပေးရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။

ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည် သက်တမ်းအားဖြင့် နှစ်ကာလကြာမြင့်နေသော အုတ်အဆောက်အအုံများ ဖြစ်သောကြောင့် ဘုရားပေါ်သို့ တက်ရောက်သူများအနေဖြင့် ဘေးအန္တရာယ် ရှိနိုင်သည့်အတွက် တက်ရောက်ခြင်းမပြုကြပါရန်နှင့် နယ်မြေဒေသအတွင်း ကျယ်ပြန့်စွာတည်ရှိ နေသည့် ရှေးဟောင်းအမွေအနှစ်များပေါ်သို့ တက်ရောက်ခြင်းမပြုကြရန် ပြည်သူများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

MDN
Crd-MORAC