ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးများ ဌာနတွင်းလုပ်ငန်းခွင် မွမ်းမံသင်တန်း အမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် မတ်  ၂၄

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးများ ဌာနတွင်း လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊  ရုံးအမှတ်(၅၈)၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဦးထွန်းအုံက “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင်  လူ့စွမ်းအား အရင်းအမြစ် ကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှု၊ လေ့ကျင့်ရေးနှင့် အလုပ်အကိုင် နေရာချထားရေးများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ရှိကြောင်း၊ အဖွဲ့အစည်းတစ်ခုအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများကို ကောင်းစွာစနစ်ချ ဆောင်ရွက်ခြင်းမရှိလျှင် ဌာန၏ မြင့်မားသည့် စွမ်းဆောင်ရည်နှင့် ကောင်းမွန်သည့် ရလဒ်ရရှိနိုင်မည် မဟုတ်ကြောင်း၊ ထို့ပြင် ဌာနတွင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌လည်း ထိရောက် သွက်လက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန်အတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်မှသာ  ဝန်ထမ်းများ၏ စွမ်းရည်တိုးတက်လာခြင်းနှင့်အတူ အရည်အချင်းရှိသည့် ဝန်ထမ်းများ ‌မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။

 

သင်တန်းကာလ တစ်လတာအတွင်း သင်ကြားပေးလိုက်သည့် ဘာသာရပ်များသည် အခြေခံမျှသာဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ကြသည့်အခါ ကြုံတွေ့ရမည့် မြေပြင် အခြေအနေနှင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် စာတွေ့၊ လက်တွေ့နင့် အတွေ့အကြုံ ဗဟုသုတများ ပေါင်းစပ်ပြီး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များသည် ကျယ်ပြန့်သည့်အတွက် သင်တန်းသားများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာမှတ်သားသင်ယူပြီး ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့်အညီ လိုက်လျောညီထွေရှိအောင် လုပ်ကိုင်ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာနှင့် မှန်မှန်ကန်ကန် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်” ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံက စာပေထူးချွန်ဆုရရှိသော သင်တန်းသား သင်တန်းသူများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူက အဖွဲ့လိုက်ထူးချွန်ဆု ရရှိသော သင်တန်းသား သင်တန်းသူများကို လည်ကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

သတင်းစဉ်