ပဋိပက္ခကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာတော့ မရှိပါဘူး။ တပ်မတော်ကနေ အကူအညီတွေ အများကြီးရခဲ့ပါတယ်။ အခုတော့ ဘေးကင်းစွာနဲ့ ပြန်ရောက်ခဲ့ပါပြီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့တွင် မြန်မာနိုင်ငံ၏ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရောက်ရှိနေသည့် Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးကို ဩဂုတ် ၂၂ ရက်တွင် တပ်မတော်ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ သည်။ တပ်မတော်မှ အန္တရာယ်ကင်းစွာ ကူညီပို့ဆောင်ပေးခဲ့သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

 

1


Dr. Melvin Wong


ကျွန်တော်က ကယ်လီဖိုးနီးယားကလာတဲ့ စိတ်ပညာကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ ဝေးကွာပြီး မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေကို ပညာပေးဖို့၊ နည်းလမ်းမျိုးစုံနဲ့ ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကွတ်ခိုင်မြို့ကို လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော် တို့အဖွဲ့က အဓိကကတော့ ပညာရေး မြှင့်တင်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး အဖွဲ့ထဲမှာ အမေရိကန်၊ တရုတ်၊ ကနေဒီယန်၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင် စသဖြင့် နေရာစုံက ပါဝင်ပါတယ်။ ကျွန်တော်တို့ ဒီကိုရောက်ရှိနေတာ ကူညီဖို့ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ပျော်ရွှင်နေတာကိုပဲ မြင်ချင်တာပါ။


ဒီဒေသတွေမှာ တိုက်ခိုက်မှုတွေ ဒီလိုဖြစ်ပွားနေတာ အင်မတန် ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကို လိုလားတယ်၊ နှစ်သက်တယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ မာတင်လူသာကင်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကို အတင်း အကျပ် လုပ်ယူလို့ မရဘူး။ နားလည်မှုနဲ့ တည်ဆောက်ရတာဖြစ်တယ်။ အမှောင်ကို အလင်းရောင်နဲ့သာ ဖြိုခွင်းရတာဖြစ်တယ်၊ အမုန်းတရားကို အမုန်းနဲ့ မတုံ့ပြန်ဘဲ ချစ်ခြင်းမေတ္တာကိုသာ တည်ဆောက်ရတာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့တာရှိပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကြားမှာ ချစ်ခြင်းတရားတွေ တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကွတ်ခိုင်မှာ ရှိနေစဉ်မှာ K.K Guest House မှာနေကြပြီး မြန်မာအစိုးရနဲ့ တပ်မတော်တို့က ကာကွယ်ပေးခဲ့ပါတယ်။


ကူညီစောင့်ရှောက်မှုတွေ ပေးခဲ့တယ်။ ကျွန်တော်တို့ ပဋိပက္ခကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတာတော့ မရှိပါဘူး။ တပ်မတော်ကနေ အကူအညီတွေ အများကြီးရခဲ့ပါတယ်။ အခုတော့ ဘေးကင်းစွာနဲ့ ပြန်ရောက်ခဲ့ပါပြီ။

 

1


Mrs. Chou Wei Kuo ( ဥက္ကဋ္ဌ)
Go and Love Foundation


ကျွန်မတို့ ရောက်နေတဲ့အချိန် ပဋိပက္ခတွေနဲ့ ကြုံနေတဲ့အတွက် အပြင်မထွက်တော့ဘဲ K.K Guest House ထဲမှာပဲ နေခဲ့ပါတယ်။ K.K Guest House ကလည်း ကူညီစောင့်ရှောက်ပေး ပါတယ်။ မနေ့ညကတော့ ပေါက်ကွဲတဲ့ အသံတွေနဲ့ သေနတ်သံတွေ ကြားခဲ့ရပါ တယ်။ တပ်မတော်ဘက်က တာဝန်ရှိ အရာရှိတစ်ယောက်ကလည်း ကျွန်မတို့ကို အပြင်မှာထက်စာရင် ဟိုတယ်ထဲမှာ နေတာက ပိုပြီးဘေးကင်းလုံခြုံနိုင်တဲ့ အတွက် ဟိုတယ်မှာပဲနေဖို့ ပြောပါတယ်။


ဒီလိုပဲ လူဝင်မှုကြီးကြပ်ရေး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက စိတ်မပူဖို့နဲ့၊ အကောင်းဆုံးကြိုးစားပေး နေတဲ့အကြောင်း လာရောက်ပြောပြပေး ကြပါတယ်။ ဒီလိုတွေကြုံခဲ့ရပေမယ့် ကြောက်လန့်မနေအောင် အားလုံးက ဝိုင်းဝန်းကူညီပေးကြပါတယ်။ ဒီလို ကြုံတွေ့တာ ပထမဆုံးပါ။ ကျွန်မတို့ အဖွဲ့မှာ ကျွန်မအပါအဝင် ၂၈ ဦးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မအနေနဲ့ ပါဝင်တဲ့ သူတွေအားလုံးကို ဘေးကင်းစေချင်ခဲ့တယ်။

 

1


Ms. Alison


ကျွန်မက ဟောင်ကောင်ကလာတဲ့ အယ်လီဆန်ဖြစ်ပါတယ်။ အရင် ကျွန်မတို့ ကွတ်ခိုင်မှာ ရှိနေတုန်းက အေးအေး ချမ်းချမ်းပါပဲ။ ကျောင်းသားတွေနဲ့ လေ့လာရေးခရီး လာရောက်ခဲ့တာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်တာကို မြင်တော့ မမြင်ခဲ့ရပါဘူး။ အခုတော့ တပ်မတော်က ကျွန်မတို့အဖွဲ့ကို ခက်ခဲတဲ့ အခြေအနေ ကနေ ဒီကိုပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ ပြန်လည်ရောက်ရှိ လာတဲ့အတွက် ဝမ်းသာပါတယ်။

 

1


Ms. Uri


တပ်မတော်က ရဟတ်ယာဉ်နဲ့ လားရှိုးလေဆိပ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ လားရှိုးလေဆိပ်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ ကွတ်ခိုင် K.K Guest House မှာ ရှိနေတဲ့အချိန် ကျွန်မတို့ စိတ်မပူအောင်၊ သတင်းအချက်အလက်တွေ မပြတ်ရရှိနေအောင်K.K Guest House က ကူညီပေးခဲ့ပါတယ်။ ဒီလို ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက်K.K Guest House ကို ကျေးဇူးတင်ပါ တယ်။ Guest House ထဲမှာပဲ နေခဲ့တဲ့အတွက် ပဋိပက္ခဖြစ်နေတယ် ဆိုပေမယ့် မြင်ခဲ့တာမျိုးတော့ မရှိပါဘူး။ ကျွန်မတို့ အဲဒီမှာ နှစ်ပတ်ခရီး သွားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နှစ်ပတ်ကျော် လောက်နေခဲ့ရပါတယ်။ အခုလို ဘေးကင်း စွာနဲ့ ပြန်လည်ရောက်ရှိအောင် ကူညီပေး ခဲ့တဲ့ မြန်မာအစိုးရကိုလည်း ကျေးဇူးတင် ပါတယ်။ နောက်တစ်ကြိမ် မြန်မာနိုင်ငံကို လာရောက်ဦးမှာပါ။

 

1


ဦးနိုင်ဝင်း (ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး)


လားရှိုးဘက်ကို ရောက်နေတဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို လျင်လျင်မြန်မြန် လုံလုံခြုံခြုံနဲ့ ရန်ကုန်ကို ရောက်ရှိလာဖို့အတွက် တပ်မတော် အနေနဲ့ ကူညီပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ဌာနဆိုင်ရာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဟိုတယ်တွေမှာ တည်းမယ်ဆို တည်းခိုနိုင်ဖို့နဲ့ မော်တော်ယာဉ်သုံးမယ်ဆိုရင်လည်း အသုံးပြုနိုင်ဖို့ အတွက် စီစဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။


တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆိုရင် ပိုကောင်းပါတယ်။ သို့သော်လည်း အခုလိုနယ်စပ်မှာ အနည်းအကျဉ်းဖြစ်တဲ့ ကိစ္စလေးနဲ့တော့ ခရီးသွားလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်နိုင်ဘူးလို့ ကျွန်တော့်အနေနဲ့ ယုံကြည်တယ်။ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့လည်း ပြည်ပဧည့်သည်တွေ ပိုမိုဝင်ရောက်လာဖို့အတွက် ဗီဇာတွေ ဖြေလျှော့ပေးနေပါတယ်။ ဒီအတွက်ကြောင့် ၂၀၁၈ ဇူလိုင်လ နဲ့ ၂၀၁၉ ဇူလိုင်လ အလားတူကာလမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည် ဝင်ရောက်မှုနှုန်း ၂၆ ရာခိုင်နှုန်း တိုးတက်လာမှု ရှိလာပါတယ်။ ဒါကြောင့် အခုလိုဖြစ်စဉ်မျိုးဟာလည်း အခိုက်အတန့်ပဲလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ တိုင်းပြည်အနေနဲ့လည်း မကြာခင်မှာ ကျွန်တော်တို့ ခရီးသွား လုပ်ငန်းတွေ ပိုမို တိုးတက်ဖွံ့ဖြိုးလာမယ်လို့လည်း ယုံကြည်ပါတယ်။


သတင်းအဖွဲ့