ချောင်းဆုံ ၂၈    အောက်တိုဘာ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၂၈ ရက်နေ့ နံနက် (၈) နာရီက ချောင်းဆုံမြို့နယ် (အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင် အထူးရဲသင်တန်းဆင်းပွဲအား ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်ရဲမှူး ထွန်းထွန်းဦးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်း ဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးအား ပေးအပ်ခဲ့ကြောင်း၊ အထူးရဲသင်တန်းအား စွမ်းစွမ်းတမံ သင်ကြားပို့ချပေးခဲ့သော သင်တန်းနည်းပြများ ကိုယ်စား ရဲအုပ်  ကျော်ကျော်ဦးအား မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကာ ခေတ္တကျောင်း တာဝန်ခံ ဒေါ်တင်ဇာအောင်အား စားသင်ကျောင်းအထွေထွေ ရန်ပုံငွေကျပ်(၁)သိန်း အားပေးအပ် လှူဒါန်းခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးခင်လှ၊ ခေတ္တကျောင်းတာဝန်ခံ ဒေါ်တင်ဇာအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းနိုင်တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို အထူးရဲတပ်ဖွဲ့ (၇၅)ဦးတို့အား စာတွေ့၊ လက်တွေ့ဖြင့် သင်တန်းနည်းပြ (၉)ဦးတို့မှ အောက်တို့ဘာ (၁) ရက်မှ (၂၈) ရက်အထိ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

ထူးအိမ်(ချောင်းဆုံ)