ပန်းတနော်တွင် အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အသက်(၁၇) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ပန်းတနော် ၂၀ ဇွန် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အားကစားဖွံ့ဖြိုး တိုးတက်ရေးအစီအစဥ်(TSDP) အရ ကျင်းပသော မြို့နယ် အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အသက်(၁၇) နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စစ်ကြောင်းမှူးနှင့်အားကစားအဖွဲ့မှ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအား အလေးပြုခြင်းနှင့်ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ( ၄) ချက်ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ပြီး အားကစားပြိုင်ပွဲများ စတင်ကျင်းပပေးခဲ့သည်။အဆိုပါ ပြိုင်ပွဲများတွင် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ(၆) သင်းနှင့် အသက်(၁၇)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ (၅)သင်းတို့ ပါဝင်ယှဥ် ပြိုင်ကြပြီး ဇွန်လ ၂၀ရက်မှ ၂၄ ရက်အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇေယျာမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မာမာလင်းနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမောင်မောင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)