ပြွန်တန်ဆာ၊ ၃ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပြွန်တန်ဆာမြို့၌ ဂန္ဓမာပန်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင် ကြသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။
ဂန္ဓမာပန်းမျိုးများကို ဟဲဟိုးမြို့မှ မှာယူစိုက်ပျိုးပြီး တစ်ပင်လျှင် ၈ ကျပ်ခန့်ရှိကြောင်း၊ ဇူလိုင်လက စတင်စိုက်ပျိုးပြီး သုံးလခွဲကြာတွင် စတင်ငွေပေါ်ကြောင်း၊ ပန်းမျိုးတစ်ပင်ကို လေးပင်ခန့် ပင်ကိုင်း ပွားကြောင်း၊ ဂန္ဓမာပန်းတစ်ပွင့်ပါ တစ်ပင်ကို ကျပ် ၁၁၀ ဖောက်သည်ပေးရပြီး ငွေကျပ် ၁၂၀ မှ ၁၅၀ အထိ ပြန်လည်ရောင်းချရကြောင်း၊ ဒေသထွက် လတ်လတ်ဆတ်ဆတ်ဖြစ်၍ ထွက်သည့်ပန်းပင်များ အကုန်ရောင်းချရကြောင်း၊ ကုန်ကျစရိတ် ၁၃ သိန်းကျပ်ခန့်ရှိပြီး ငွေကျပ် ၃၇ သိန်းဖိုး ပြန်လည်ရရှိကာ မိသားစုဝင်ငွေရရှိ၍ အဆင်ပြေကြောင်း ကိုယ်တိုင် ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူ ပြွန်တန်ဆာမြို့မှ ဦးကျော်သူရက ပြောသည်။
အဆိုပါ ဂန္ဓမာပန်းများကို မိုးဦးကျတွင် စတင်စိုက်ပျိုး၍ သီးတင်းကျွတ်လတွင် ဈေးကွက်တင် ရောင်းချ လေ့ရှိပြီး ပြွန်တန်ဆာမြို့၌ ဂန္ဓမာပန်း စိုက်ပျိုးမှုဖြစ်ထွန်းကာ အဆင်ပြေကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)