ပြည်တွင်းထုတ် တိုယိုတာ Hilux ကားကို ၂၀၂၁ ဖေဖော်ဝါရီလတွင် စတင်ရောင်းချမည်

ရန်ကုန် ၂၅ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံ တိုယိုတာမော်တော်ကား ကုမ္ပဏီက ရန်ကုန်၊ သီလဝါ စက်မှုဇုန်တွင် စက်ရုံ တည်ဆောက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ပထမဆုံး ပြည်တွင်းထုတ် Hilux ယာဉ်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲတွင် Toyota Myanmar Company ၏ မန်းနေဂျင်းဒါရိုက်တာ Mr.Hiroyuki Oide ကပြောသည်။

 

သီလဝါစက်မှုဇုန်၌ ၂၀၁၉ ခုနှစ်က Toyota Myanmar Yangon စက်ရုံ တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်းခန့် ခန့်မှန်းထားကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တိုယိုတာ ကားအစီးရေ ၂၅၀၀ ခန့်ကို ထုတ်လုပ်သွားရန်နှင့် ဝန်ထမ်းသစ် ၁၃၀ ခန့်အပ်သွားရန် စီမံကိန်းရေးဆွဲထားကြောင်း သိရသည်။

 

တိုယိုတာမှ Toyota Beyong Toyota ဆောင်ပုဒ်နှင့်အညီ ယခင်ထက် သာလွန်သော တိုယိုတာ မော်တော်ယာဉ်များကို ထုတ်လုပ်ကာ နိုင်ငံပေါင်း ၁၅၀ သို့ တင်ပို့ရောင်းချလျက်ရှိပြီး ၎င်း၏ နောက်ဆုံးပေါ် Corolla Altis  ကားသစ်နှင့် လူကြိုက်များသည့် Fortuneri Hilux Revo ၊ Innova၊ Majesty နှင့် Rush ကားများကို မြန်မာပြည်တွင်း၌ ပြသရောင်းချလျက်ရှိသည်။

 

သန့်ဇင်ဝင်း