ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်း ၂သောင်းကျော်အထိ မြင့်တက်နေပြီး ဆက်လက်မြင့်တက်လာနိုင်

ရန်ကုန်၊  ၁၆ ဒီဇင်ဘာ

ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၁၃၂၀,၀၀၀ ကျော်အထိ မြင့်တက်နေပြီး ဆက်လက် မြင့်တက်လာနိုင်ကြောင်း ဒီဇင်ဘာ  ၁၆  ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာခြင်း၊ ဒေါ်လာဈေး  ပြန်လည်မြင့်တက်လာခြင်းနှင့် နယ်မှ ကုန်ကြမ်း အဝင်နည်းခြင်းကြောင့် ပြည်တွင်းရွှေစျေး မြင့်တက်နေကာ ယခုအတိုင်း ဆက်လက်ဖြစ်ပေါ် နေပါက ဆက်လက်မြှင့်တက်မည့် အနေအထားရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကမ္ဘာ့ရွှေဈေးက ပြန်တက်လာတယ်။ နောက်ပြည်တွင်း ဒေါ်လာစျေး ငွေလဲလှယ်နှုန်းကလည်း တောက်လျှောက်တက်လာတယ်။ ကျွန်တော်တို့ ပိတ်တဲ့ရက်က ကြာလာတော့ နယ်က ကုန်ကြမ်းလည်း ဝင်တာနည်းတယ်။ ကုန်ကြမ်းက ဝင်ကို မဝင်ဘူး ဖြစ်နေတယ်။ ဒီက အထည်ပျက်တွေ ပြန်ကြိုပြီးတော့ သန့်စင်တဲ့ ကုန်ကြမ်းနဲ့ပဲ လည်ပတ်နေတဲ့အခါကျတော့ စျေးကတော့ မာတယ်။ အခု ကျပ် ၁၃၂၁၀၀၀ ဖြစ်နေတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေစျေးမှာ ဒီဇင်ဘာ ၁၆ ရက်က  တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၅၇ ဒေါ်လာရှိသည်။ ထို့အတူ အမေရိကန်နှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ကျပ် ၁၄၀၀ ဝန်းကျင် ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လထဲတွင် အခေါက်ရွှေတစ်ကျပ် သားလျှင်ကျပ် ၁၃၃၁၅၀၀ အထိ မြင့်တက်ခဲ့ပြီး ယခုနှုန်းသည် လေးလအတွင်း အမြင့်ဆုံးနှုန်း ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် ပြည်တွင်းရွှေစျေးကွက်အတွင်း အရောင်းအဝယ်အခြေအနေမှာ အဝယ်ထက် အရောင်းများနေကြောင်း၊ ယခင်က တစ်နေ့လျှင် ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်ရှိသော်လည်း ယခုအခါ ၅ ပိဿာခန့်သာ အရောင်းအဝယ်ရှိကြောင်း သိရသည်။

ယခုနှစ် လတ်တလော ရွှေစျေးကွက်အတွင်းမှ ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင်  ဇူလိုင်လအတွင်း ပြည်တွင်း ရွှေဈေးမှာ ဇူလိုင် ၁ ရက်က အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၆၅၀၀  နှင့် ဇူလိုင် ၂၇ ရက်က အမြင့်ဆုံးနှုန်း ကျပ် ၁၂၉၆၅၀၀ ၊ ဩဂုတ်လအတွင်း  ပြည်တွင်းရွှေဈေးမှာ သြဂုတ် ၁၃ ရက်က အနိမ့်ဆုံးနှုန်း ကျပ် ၁၂၈၆၅၀၀  နှင့် ဩဂုတ် ၇ ရက် အမြင့်ဆုံးနှုန်း ကျပ် ၁၃၃၂၅၀၀၊ စက်တင်ဘာလတွင် ပြည်တွင်းရွှေဈေးမှာ စက်တင်ဘာ ၂ ရက်က အနိမ့်ဆုံးနှုန်း ကျပ် ၁၃၁၀၅၀၀ နှင့် စက်တင်ဘာ ၁ ရက်က အမြင့်ဆုံးနှုန်း ကျပ် ၁၃၁၄၀၀၀ ၊ အောက်တိုဘာလတွင် ပြည်တွင်းရွှေဈေးမှာ အောက်တိုဘာ ၃၀ ရက်က အနိမ့်ဆုံးနှုန်း ကျပ် ၁၃၀၇၈၀၀ နှင့် အောက်တိုဘာ ၂၁ ရက်က အမြင့်ဆုံးနှုန်း ကျပ် ၁၃၁၆၅၀၀ ၊ နိုဝင်ဘာလတွင် ပြည်တွင်းရွှေဈေးမှာ နိုဝင်ဘာ ၃၀ ရက်က အနိမ့်ဆုံးနှုန်း ကျပ် ၁၂၇၀၀၀၀ နှင့် နိုဝင်ဘာ  ၉ ရက်က အမြင့်ဆုံးနှုန်း ကျပ် ၁၃၁၇၀၀၀ တို့ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာမူ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင် အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်မှ  ဖေဖော်ဝါရီလ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

ငြိမ်းငြိမ်း