ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ မိုးကုတ်မြို့သို့ သွားရောက်လည်ပတ်လျက်ရှိ

နေပြည်တော် ၄  အောက်တိုဘာ

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မန္တလေး- မတ္တရာ- စဉ့်ကူး- သပိတ်ကျင်း- မိုးကုတ်ခရီးစဉ်တွင် ယခုနှစ် ဖေဖော်ဝါရီလမှစ၍ မြို့တွင်းခရီးစဉ်အပြင် ကျောက်ပြာသာဒ်၊ ပန်လင်-ဘားနဒ်ကျေးရွာများသို့ပါ ခရီးစဉ် တိုးမြှင့်လည်ပတ်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

 

၂၀၁၉ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ(၃)ရက်နေ့ထိ မိုးကုတ်ဒေသသို့ လိုင်စင်ရခရီးသွား ကုမ္ပဏီများ၏ စီစဉ်မှု၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုမှုဖြင့် ပြည်ပခရီးသည် (၂၄) ဦးတို့သည် မိုးကုတ်မြို့ရှိ မဏိမင်္ဂလာထာပွဲဈေး၊ ကျောက်လက်ညှိုးတောင်၊ ကျောက်ပြာသာဒ်ဘုရား၊ ဒေါ်နန်းကြည်တောင်၊ ကျောက်လှိုဏ်ဂူနှင့် စေတီတော်၊ ဘော်ဗဒါန်းရွာရှိ ခဲဇာလုပ်ငန်းများ၊ ကျောက်ပန်းချီလုပ်ငန်း၊ လက်ဖက်စိုက်ခင်း၊ သဘာဝဖြစ်ပေါ်နေသည့် ကင်းချောင်းရေတံခွန်နှင့် မြန်မာ့ရိုးရာ စားစရာမျိုးစုံကို ရနိုင်သည့် မိုးကုတ်ညဈေးတန်း၊ ဖောင်တော်ဦးစေတီတွင်ရှိသော ပတ္တမြားပလ္လင်နှင့် နီလာပလ္လင်သို့ သွားရောက်လည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

MDN