ပြည်တွင်း၌ စိုက်ပျိုးနေသော သီးနှံများ ဈေးကွက်ခိုင်မာမှုရှိစေရန် သီးနှံတစ်ခုချင်းစီအလိုက် အထူးပြုပညာရှင်များ လိုအပ်နေ

အောက်တိုဘာ ၁၁

 

 

ပြည်တွင်း၌ စိုက်ပျိုးနေသော သီးနှံများ ဈေးကွက်ကောင်းမွန်ခိုင်မာမှု ရှိစေရန် သီးနှံတစ်ခုချင်းစီအလိုက် အထူးပြုပညာရှင်များ လိုအပ်နေကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

 

"သီးနှံတစ်ခုချင်းစီမှာ အထူးပြုတဲ့ပညာရှင် မရှိဘူးဖြစ်နေတယ်။ တောင်သူတွေ ဈေးကောင်းရဖို့ ဆိုရင် ကြက်သွန်ဆိုလည်း ကြက်သွန်နဲ့ ပတ်သက်တဲ့ အထူးပြုပညာရှင်ရှိဖို့ လိုအပ်နေတယ်။ တချို့သီးနှံတွေ ဈေးမကောင်းဘူးဆိုတာ ဘယ်နေရာကြောင့် ဈေးမကောင်းတာလဲဆိုတဲ့ အဖြေကို ဘယ်သူကမှ ပြဿနာဖြေရှင်းဖို့ လုပ်တာမတွေ့ရဘူး။ တောင်သူတွေကို မျိုးရောင်းဖို့ တစ်ခုတည်း မပြောသင့်ဘူး။ မျိုးရောင်းပြီးရင် ထွက်လာတဲ့ သီးနှံကိုလည်း ဝယ်ပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။"ဟု ကော်ဖီစိုက်ပျိုးရေးအထူးပြု ပညာရှင် ဦးစောရန်နိုင်စိုးက ပြောသည်။

 

သီးနှံတစ်ခုချင်းစီအလိုက် အထူးပြုပညာရှင်များ ပေါ်ထွန်းလာပါက သက်ဆိုင်ရာသီးနှံအတွက် သင့်လျော်သော စိုက်ပျိုးချိန်၊ ဈေးကွက်လိုအပ်ချက်အလိုက် စိုက်ပျိုးထုတ်လုပ်သင့်သည့် ပမာဏ၊ လိုအပ်သောအရည်အသွေးထိန်းချုပ်စိုက်ပျိုးခြင်းများကို အဆင့်ဆင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

 

"ဥပမာ ကော်ဖီဈေးကွက် မကောင်းတဲ့အချိန်မျိုး ကျွန်တော်တို့တွေ ကြုံခဲ့ဖူးတယ်။ ဝယ်မယ့်သူ မရှိတာတို့၊ အပင်တွေ ခုတ်ပစ်တာမျိုး အချိန်တွေလည်း ကြုံခဲ့ဖူးတယ်။ အဲ့ဒီအခါ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို ကျွန်တော်တို့ ၂၀၀၃ - ၂၀၀၄ ခုနှစ် လောက်ကစပြီး ပရောဂျက်တွေ တွဲလုပ်ပြီး သုတေသနပြုခဲ့တဲ့အတွက် ၂၀၀၇ - ၂၀၀၈ ခုနှစ်လောက်ကစပြီး ကော်ဖီဈေးက တောက်လျှောက် အတက်ဘက်ချည်းပဲ။ ပြောချင်တာက ကျွန်တော်တို့ ကော်ဖီသီးနှံတင် မဟုတ်ဘဲ တခြား သီးနှံတွေမှာလည်း ဒီလိုမျိုး သုတေသနပြု အဖြေရှာစေချင်ပါတယ်။"ဟု ၎င်းက ဆက်လက်ပြောသည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်ပြီး ၇၀ ရာခိုင်နှုန်းဝန်းကျင် ပြည်သူများသည် စိုက်ပျိုးရေး နှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော်လည်း ယခုဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေအပြောင်းအလဲများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားသည့် အခြေအနေအရပ်ရပ်တို့ကြောင့် စိုက်ပျိုးသီးနှံအများစု ဈေးကွက်ပျက်ယွင်းခြင်းကို ကြုံတွေ့ခံစားနေကြရသည်။

 

နန်းထက်ထက်ချစ်