ပြည်တွင်းလုပ်သား ၇၁၃၇ ဦး အတွက်  အလုပ်အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုအား အတည်ပြုပေး

ရန်ကုန် ၁ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စက်တင်ဘာ ၃၀ရက် နံနက်(၁၀)နာရီတွင် ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မေ လမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၉) သို့ တက်ရောက်ခဲ့သည်။

 

၈

 

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်လာစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားသား လုပ်ငန်း ၁၁ ခု နှင့် မြန်မာနိုင်ငံသား လုပ်ငန်း (၂)ခုတို့၏ ရင်းနှီး မြှုပ်နှံမှု များကို အတည်ပြုပေးခဲ့ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ၇၁၃၇ ဦး ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၇ ခုနှစ် သြဂုတ်လမှ၂၀၁၈ ခုနှစ် မတ်လ အတွင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၃၉ ခု ၊ မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ၉ ခု တို့ အား အဆိုပြုမိန့်များထုတ်ပေးခဲ့ပြီး အလုပ်အကိုင် ၂၂၄၈၁ ဦးအတွက်ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၃၄ ခု မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ၁၀ ခုတို့အားအတည်ပြုမိန့်များထုတ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း၂၁၁၇၃ ဦး အတွက်ဖန်တီးပေးနိုင်ခဲ့သည်။

 

၂၀၁၈  အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ စက်တင်ဘာလ ၃၀   ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အနေဖြင့် စက်မှုကဏ္ဍ ၊ဟိုတယ်ကဏ္ဍ ၊ မွေးမြူရေးကဏ္ဍ နှင့်ရေလုပ်ငန်းကဏ္ဍ ၊အိမ်ရာအဆောက်အအုံကဏ္ဍ နှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၅၉ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၂၁ ခု တို့မှ အလုပ်အကိုင်အခွင့်အလမ်း ၉၃၄၂၇ ဦး အတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီရုံးမှသိရသည်။

 

ဆန်းကျော်ဦး ( ပြန် / ဆက်)