ပြည်တွင်းစျေးကွက်၌ ထုံးဝယ်ယူမှု မြင့်တက်လာ၍ လှိုင်းဘွဲမြို့နယ်မှ ထုံးဖိုလုပ်ငန်းလုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိ

လှိုင်းဘွဲ   ဇန်နဝါရီ   ၇

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ထီလုံကျေးရွာမှ ထုံးဖုတ်လုပ်ငန်း လုပ်ကိုင်နေကြသူများအနေဖြင့် ပြည်တွင်းစျေးကွက်သို့ ထုံးအိတ်များ တင်ပို့ရောင်းချရမှု အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

 

ထုံးဖိုလုပ်ငန်းများကို ကြီးကြပ်ပေးရသူ ကိုအောင်ကြီးက ထုံးဖို တစ်ဖိုလျှင် ထုံးကျောက် ၈ ကျင်းဖို၊ ၉ ကျင်းဖို စသည်ဖြင့်ရှိကြောင်း၊ ထုံးကျောက်များကို ထုံးမှုန့်ဖြစ်လာစေရန်အတွက် မြေကျင်း၌ ငါးရက်ခန့် မီးဖုတ်ပေးရကြောင်း၊ လေဝင်လေထွက်မရှိစေရန် မြေအုတ်၊ ရွံ့စေးများဖြင့် လုံအောင်ပိတ်ရကြောင်း၊ ထုံးဖိုတစ်ဖိုလျှင် လူ ရှစ်ဦး၏ လုပ်အားလိုအပ်ကြောင်း ရှင်းပြသည်။

 

ထုံးတွေကို ရန်ကုန်က ထုံးကုန်သည်တွေဆီမှ အဓိက မှာယူကြကြောင်း၊ ရန်ကုန်ကနေတစ်ဆင့် ဧရာဝတီတိုင်းနှင့် အခြားတိုင်းဒေသတွေကို တင်ပို့ကြောင်း၊ ငါးကန်၊ ပုဇွန်ကန်များ ဆေးရာတွင် ထုံးကိုအသုံးပြုကြရကြောင်း၊ လယ်မြေနှင့် ဥယျာဉ်ခြံမြေများတွင် မြေအချဉ်ဓာတ် လွန်ကဲမှုရှိလျှင် ထုံးမှုန့်ထည့်၍ မြေပြင်ခြင်းအတွက် အသုံးပြုကြကြောင်း၊ ကြက်ခြံ၊ ဝက်ခြံနှင့် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ကြသူများမှ တိရစ္ဆာန်မစင် အညစ်အကြေးပိုးမွှားများ သေစေရန်အတွက် ထုံးကို အသုံးပြုကြရကြောင်း၊ ထုံးဖုတ်ရာတွင် ထင်းဝယ်ယူခြင်းကိစ္စများအတွက် အခက်အခဲအနည်းငယ်ရှိကြောင်း ထုံးဖိုပိုင်ရှင်များ၏ ရှင်းပြချက်အရ သိရသည်။

 

လင်းသန့်(ပြန်/ဆက်)