ပြည်တွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးရေး တရားမဝင်ကုန်သွယ်မှု ပပျောက်အောင်တိုက်ဖျက်

မိမိတို့နိုင်ငံ၏ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း MSMEs များ ရှင်သန်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် တရားမဝင် ကုန်သွယ်မှုများပပျောက်အောင် တားဆီး တိုက်ဖျက်ရန် လိုအပ်သည်။ စင်စစ်အားဖြင့် တရားမဝင် ကုန်သွယ်မှု သည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် အခွန်ဘဏ္ဍာများ မှန်မှန်ကန်ကန်ရရှိရေး၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချမှုရရှိရေးတို့အတွက်လည်း ကြီးစွာသော အန္တရာယ်ပင်ဖြစ်သည့်အလျောက် မဖြစ်မနေတားဆီးတိုက်ဖျက် သွားရန် လိုအပ်သည်သာဖြစ်သည်။

 

တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင် နှစ်ဖက်နိုင်ငံတို့၏ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုထား သည့် ကုန်စည်များကို တရားဝင်လမ်းကြောင်းများ၊ နယ်စပ် ကုန်သွယ်ရေးစခန်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ တစ်ဆင့် ကုန်သွယ်ခြင်းသည် တရားဝင်ကုန်သွယ်မှု (Formal Trade) ဖြစ်သည်။ နှစ်နိုင်ငံကြား တရားဝင်ကုန်သွယ်နိုင်ရန် ခွင့်ပြု ထားသောကုန်စည်များကို တရားဝင်လမ်းကြောင်းများ၊ နယ်စပ် ကုန်သွယ်ရေးစခန်းများ၊ ဆိပ်ကမ်းများမှတစ်ဆင့် ကုန်သွယ်မှုမပြုဘဲ တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှု ပြုလုပ်ခြင်း၊ ဥပဒေအရ ခွင့်ပြုထားခြင်းမရှိသော ကုန်ပစ္စည်းများကို တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှု (Informal Trade) ပြုလုပ်ခြင်းတို့သည် မှောင်ခိုကုန်သွယ်မှု (Illegal Trade) ဖြစ်ပြီး နိုင်ငံအတွက်ရော ပြည်သူလူထုအတွက်ပါ အန္တရာယ် ကြီးမားသည့် ကုန်သွယ်မှုများဖြစ်သည်။

 

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံနှင့် နယ်နိမိတ်ထိစပ် တည်ရှိနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသော အင်အားကြီး နိုင်ငံ နှစ်နိုင်ငံအကြားတွင် တည်ရှိနေခြင်း၊ နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ထွက်ပေါက်များစွာ ရှိနေခြင်း၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုပြုလုပ်သူများက အခွန်ရှောင်လိုခြင်း စသည်တို့အပါ အဝင် အခြားသော အခြေခံအကြောင်းတရားများကြောင့် တရား မဝင် ကုန်သွယ်မှုပမာဏ ကြီးမားလျက်ရှိရာ နိုင်ငံနှင့် ပြည်သူ အတွက် ထိခိုက်နစ်နာမှု များစွာဖြစ်ပေါ်နေခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို နိုင်ငံတော်က အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ The Economic Intelligence Unit (EIU) က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအခြေအနေ အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် အဆင့် ၈၂ နေရာတွင် ရပ်တည်နေခဲ့ပြီး ရမှတ် ၂၃ မှတ်သာ ရရှိထား ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေ အညွှန်းကိန်းကို (၁) အစိုးရ၏ မူဝါဒ (၂) ရောင်းလိုအားနှင့် ဝယ်လို အား (၃) ပွင့်လင်းမြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် (၄) အကောက် ခွန်ဆိုင်ရာ လုပ်ငန်းစဉ်ဟူသော ညွှန်းကိန်း ၄ ခုဖြင့် တိုင်းတာခြင်း ဖြစ်သည်။

 

နိုင်ငံအတွင်းမှ သဘာဝသယံဇာတများနှင့် ကျောက်မျက်များ၊ သားရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ စသည်တို့က တရားမဝင်လမ်းကြောင်းမှ ပြည်ပသို့ ထွက်ခွာသွားကြပြီး စားသုံးရန် မသင့်သည့် စားသောက်ကုန်များ၊ သက်တမ်းကုန်ခါနီးနှင့် သက်တမ်းလွန် စားသောက်ကုန်များ၊ စစ်ဆေးခွင့်ပြုထားခြင်း မရှိသည့် ဆေးဝါးများ၊ အရည်အသွေးညံ့သည့် ဆေးဝါးများနှင့် ဆေးဝါးအတုများ၊ လူသုံးအိမ်သုံးနှင့် လုပ်ငန်းသုံးကုန်ပစ္စည်းများအပါအဝင် အကောက်ခွန်မဲ့ အရည်အသွေးအာမခံချက်မရှိသော ကုန်စည်များက တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းဈေးကွက်များသို့ ဝင်ရောက်လာရာတွင် နိုင်ငံတော် အတွက် အခွန်အကောက်များ နစ်နာဆုံးရှုံးရသလို ပြည်သူများ အတွက်လည်း ကုန်စည်နှင့်ဆေးဝါးအတုများကြောင့် ထိခိုက်နစ်နာကြရသည်။ အကောက်အခွန်မဲ့၊ အတားအဆီးမဲ့ ဝင်ရောက်လာသည့် ကုန်စည်များကြောင့် ပြည်တွင်းရှိ MSME လုပ်ငန်းများမှာ ဈေးကွက်လုယူခြင်းကို ခံရပြီး ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် အတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။

 

နိုင်ငံ၏ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အညွန့်တုံးစေသည့် တရားမဝင် ကုန်သွယ်မှုများကို လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်မှသာ တရားဝင်ကုန်သွယ်မှုတိုးတက် ထွန်းကားခြင်းနှင့်အတူ MSME လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိ လာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း