ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကကြီးမှူးကျင်းပသည့်  International Conference on Engineering Education Association  (ICEEA 2021 Myanmar)သို့ တက်ရောက် 

နေပြည်တော်၊  ၁၅  ဇန်နဝါရီ  

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူးကျင်းပသည့် International Conference on Engineering Education Association (ICEEA 2021 Myanmar) အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ Online စနစ်ဖြင့် ကျင်းပသည်။ 

အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ပြည်ထောင်စုဝန်ကြီးဦး ဝင်းခိုင်က မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာသင်ကြားရေးသမိုင်းသည် ၁၉၂၃ ခုနှစ်၌ ရန် ကုန် တက္ကသိုလ်တွင် အင်ဂျင်နီယာပညာဌာနကို ဖွင့်လှစ်ထူထောင်ခြင်းဖြင့် စတင်ခဲ့ပါကြောင်း၊ ထို့နောက် ၁၉၆၄ ခုနှစ်မှစတင်၍ ရန်ကုန်စက်မှု တက္ကသိုလ်မှ သက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့များကို ပေးအပ်ချီးမြှင့်ခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာ ဘွဲ့ရ များသည် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးသည် အလွန်အရေးပါပြီး ယင်းလုပ်ငန်းများကို အင်ဂျင်နီယာများက အဓိကအကောင်အထည်ဖော်ဆောင်ရွက် ရပါကြောင်း၊ မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ သောက်သုံး ရေရရှိရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် အရည်အသွေး ပြည့်ဝသော အင်ဂျင်နီယာများ မွေးထုတ်နိုင်ရေးအတွက် အင်ဂျင်နီယာပညာသင်ကြားရေးသည် အရေးပါသောအခန်းကဏ္ဍမှ ရပ်တည်လျက်ရှိပါကြောင်း၊ 

နိုင်ငံတော်၏ စျေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်ဂျင်နီယာများသည် အစိုးရကဏ္ဍတွင်သာမက ပုဂ္ဂလိကလုပ်ငန်းအသီးသီးတွင်လည်း ပါဝင်လျက် ရှိပါ ကြောင်း၊ အင်ဂျင်နီယာများ၏ အရည်အသွေးပြည့်ဝကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် ASEAN Federation of  Engineering Organization (AFEO) ၊ Federation of  Engineering Institutions of Asia and Pacific (FEIAP)စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် လုပ်ငန်းများစွာလည်းရှိပါကြောင်း၊ ပူး ပေါင်းကူညီ လမ်းပြဆောင်ရွက်မှုများစွာအတွက် FEIAP ၊ IEET ၊ UNSW ၊ BEM ၊ WFEO နှင့် IEA အစရှိသော မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာကြိုးပမ်းဆောင် ရွက်မှုအဖြစ် အင်ဂျင်နီယာပညာမဟာမိတ်အဖွဲ့ (International Engineering Alliance – IEA) ၏ ပဏာမအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါကြောင်းနှင့် ဝါရှင်တန်သဘောတူ ညီချက်အပြည့်အဝအဖွဲ့ဝင်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍသည်များစွာ အရေးပါလျက်ရှိပါကြောင်းနှင့် အစိုးရသစ် လက်ထက်၌ ကဏ္ဍအသီးသီးတွင်  သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့ရှိခဲ့ရ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ယခုအခါ ၅၇ ရာခိုင်နှုန်းအထိ ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုကိုလည်း အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲ ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက် များနှင့်အညီ  ရေအားလျှပ်စစ်မှ  ၄၀ ရာခိုင်နှုန်း ၊  နေရောင်ခြည် စွမ်းအင်မှ ၁၄ ရာခိုင်နှုန်း ၊ Domestic Gas မှ ၃၄ ရာခိုင်နှုန်း နှင့် LNG မှ ၁၁ခိုင်နှုန်းစသည်ဖြင့် ထုတ်လုပ်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

အင်ဂျင်နီယာပညာသင်ကြားရေးနှင့် အင်ဂျင်နီယာဘွဲ့ရများ၏ အရည်အသွေးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ကြိုးပမ်း ဆောင်ရွက်ရေးသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါ လျက်ရှိပါကြောင်း ပြောကြားသည်။ 

အဆိုပါ International Conference on Engineering Education Association (ICEEA 2021 Myanmar) သည် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အပါအဝင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အင်ဂျင်နီယာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်တို့မှ Accreditation ဆိုင်ရာပါမောက္ခချုပ်နှင့် ပါမောက္ခများပါဝင်၍ စာတမ်းများ ဖတ်ကြားသွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်