နေပြည်တော် ၁၆ စက်တင်ဘာ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန ရုံးချုပ်အစည်းအဝေးခန်းမ၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ YACL မှ တာဝန်ရှိသူများ၊ ပြည်တွင်းလေကြောင်းလိုင်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လေကြောင်းကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ေ

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Y-8 အမျိုးအစား တပ်မတော်လေယာဉ် လမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်လေဆိပ်ကို (၁၉) နာရီခန့် ပိတ်ခဲ့ရကြောင်း၊ ယခင်က အလားတူ မတော်တဆမှုများကြောင့် လေယာဉ်ကွင်းကို ပိတ်ခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သော်လည်း လေယာဉ်ကွင်း ပိတ်ချိန်မှာ (၂) နာရီ၊ (၂) နာရီခွဲခန့်သာ ကြာမြင့်ခဲ့ကြောင်း၊ ယခုကဲ့သို့ လေယာဉ်ကွင်းကို အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရခြင်းကြောင့် လေကြောင်းလိုင်းများနှင့် လေယာဉ်စီး ခရီးသည်များအတွက် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ပြည်ပသို့ ထွက်ခွာမည့် လေယာဉ်ခရီးစဉ် (၇) ခုနှင့် ပြည်ပမှ ဆိုက်ရောက်မည့် လေယာဉ်ခရီးစဉ် (၂၅) ခု စုစုပေါင်း လေကြောင်းခရီးစဉ် (၃၂) ခု ဖျက်သိမ်းခဲ့ရပါကြောင်း။

အဆိုပါ လေယာဉ်လမ်းချော်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လေဆိပ်မှ တာဝန်ခံများ ဆွေးနွေးညှိနှိုင်း၍ လေယာဉ်နှင့် လွတ်ကင်းသည့် ပြေးလမ်း ပေ (၈၀ဝ၀) ခန့်ကိုအသုံးပြု၍ စုစုပေါင်း လေယာဉ် ခရီးစဉ် (၁၉) ခုအား ထွက်ခွာခွင့်ပြုခဲ့ခြင်း၊ အဆင်းလေယာဉ်များ ဘေးကင်းစွာ ဆင်းသက်ရန် လိုအပ်သည့် ပြေးလမ်းအရှည်အား တွက်ချက်၍ နယ်လေဆိပ်များတွင် စောင့်ဆိုင်းနေသော ပြည်တွင်းလေကြာင်းလိုင်းများမှ ATR လေယာဉ် (၁၂) စင်းအား ညနေ (၅) နာရီမှ ညနေ ၆ နာရီ ၁၈  မိနစ် မတိုင်မီ အတွင်း အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ခြင်းတို့ကြောင့် အချို့ လေကြောင်းလိုင်းများနှင့် ခရီးသည်များအတွက် သက်သာရာရခဲ့ပါကြောင်း။

လေယာဉ်အား ဖယ်ရှားရာတွင် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ရသည့် အကြောင်းရင်း ကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန်လိုအပ်ပါကြောင်း၊ နောင်တွင် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားလာလျှင် အချိန်တိုအတွင်း ဖယ်ရှားနိုင်ရန်အတွက် ဆောင်ရွက်ရမည့်နည်းလမ်း၊ အသုံးပြုရမည့် စက်ကိရိယာအမျိုးအစားတို့ကို သိရှိထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တပ်မတော် (လေ) မှ Y-8 လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ဖြစ်စဉ် အကျဉ်း၊ လေယာဉ်အား ပြေးလမ်းပေါ်မှ ဖယ်ရှားနိုင်ရန်အတွက် တပ်မတော်(လေ) မှ တာဝန် ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်နှင့် ရပ်နား၊ ဖျက်သိမ်းခဲ့ရသည့် လေကြောင်း ခရီးစဉ်များကို ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် Yangon Aerodrome Company Limited နှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ဖြစ်စဉ်အတွင်း ဆောင်ရွက်ခဲ့မှု ၊ လေကြောင်းလိုင်းများအလိုက် စောင့်ဆိုင်း၊ ရပ်ဆိုင်း၊ ဖျတ်သိမ်းခဲ့ရသည့် လေကြောင်းခရီးစဉ် များနှင့် ခရီးသည်များ အဆင်ပြေချောမွေ့ရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် ကိစ္စရပ်များကို  ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအရ တပ်မတော် (လေ) မှ Y-8 လေယာဉ် ပြေးလမ်းချော်မှုဖြစ်စဉ်တွင် လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ ကျွမ်းကျင်ဝန်ထမ်းများက ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ကြန့်ကြာရခြင်း အကြောင်းရင်းကို ဆက်လက်စုံစမ်း ဖော်ထုတ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ လေယာဉ်ပြေးလမ်းချော်မှု ဖြစ်စဉ်တွင် ထိခိုက်မှုနည်းပါးစေရန်အတွက် ပြေးလမ်း ပုခုံး (Runway Shoulder) များ ကြံ့ခိုင်ကောင်းမွန်ရန်အတွက် ပြုပြင်ရန် လိုအပ်ပါ ကြောင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍ နောင်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် မည်သို့ဆောင်ရွက်မည်ကို အစီအမံများ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသည့် တာဝန်ရှိ ပုဂ္ဂိုလ်များကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။ 

(သတင်းစဉ်)