ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ

နေပြည်တော် ၂၈ ဇန်နဝါရီ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Scharaner Burgener နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။    

 

a

 

တွေ့ဆုံစဉ် UNDP/UNHCR တို့မှ ကိုယ်စားလှယ်များနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (TWG) တို့က အဖွဲ့များဖွဲ့စည်းကာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် TWG အစည်းအဝေး (၁၂)ကြိမ် ကျင်းပပြီးစီးမှုနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ UNDP/UNHCR တို့မှ ကိုယ်စားလှယ်များအနေဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာ ၄၅ ရွာသို့ ကွင်းဆင်းကာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအပေါ် မေးမြန်း၍ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့အစည်းများက  သိရှိလိုပါက ဌာနအနေဖြင့် တာဝန်ခံဆောင်ရွက်မည့်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် အခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ နားလည်သဘောပေါက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ NV Card မှ အချို့အချက်အလက်များကို အပြုသဘောဆောင်သည့် အချက်များဖြင့် ပြန်လည်ပြင်ဆင် အစားထိုးဆောင်ရွက်ထားရှိမှု၊ NV Card သည် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နေမှု၊ NV Card ကိုင်ဆောင်သူများကို ၎င်းတို့၏ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသည့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးဆောင်ရွက်ပြီးစီးမှု၊ ယခင်က အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင်သူများအနေဖြင့် NV Card ကိုင်ဆောင်ရန် မလိုဘဲ နိုင်ငံသားစိစစ်ရေးလုပ်ငန်းအတွက် တိုက်ရိုက်လျှောက်ထားကာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်မည့်အခြေအနေ၊ မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်း မရှိသူများအတွက် ဥပဒေအရ NV Card ကိုင်ဆောင်၍ နိုင်ငံသားစစ်ဆေးခံရန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ၊ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ Mobile Team အဖွဲ့များ ဖွဲ့စည်း၍ စစ်တွေမြို့ ရှိ IDP စခန်းများ၌ ဖွား/သေစာရင်း၊ ကျောင်းသူ/ကျောင်းသားများစာရင်း၊ အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် NV Card ထုတ်ပေးနေမှုများ၊ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NGO ၊ INGO ၊ CSO များက ဒေသခံပြည်သူများ သိရှိနားလည် သဘောပေါက်စေရေးအတွက် ပြန်လည်မျှဝေ ရှင်းလင်းဆောင်ရွက်ပေးနိုင်မှုများ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ကောင်းမွန်သော အကြံဉာဏ်များဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်၊  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် သိရှိနားလည် အသိအမှတ်ပြုမှုနှင့် ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

သတင်းစဉ်