ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အားလက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ဝင်ဗီဇာ အပြန်အလှန်ကင်းလွတ်ခွင့်ပြုမှု အခြေအနေ၊ ၂၀၀၉ ခုနှစ်ကဆောင်ရွက်ခဲ့သည့် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် (MoU) သက်တမ်း ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ လူကုန်ကူးခံရမှုကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် သီရိလင်္ကာ နိုင်ငံသားများနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရောက်မည့် မြန်မာ နိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ဗီဇာလွယ်ကူအဆင်ပြေစွာ ထုတ်ပေး နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်