နေပြည်တော် ဇူလိုင် ၁၈

 

အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များသည် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဆောက်အအုံ အသစ်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးရုံးသို့ရောက်ရှိပြီး ကော်မတီဥက္ကဋ္ဌက ပြန်လည်ပြုပြင်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရေးအတွက် Shear Walls များ ထည့်သွင်းဆောင်ရွက်ရာတွင် နည်းစနစ်မှန်ကန်စေရေး၊ မြို့ပြ/ ရေသန့်/ လျှပ်စစ်လုပ်ငန်း များအပိုင်းလိုက်ပြီးစီးရေး၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ပရိဘောဂများ ကြိုတင်ပြင်ဆင်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်ခြင်းနှင့် (၂ ထပ်) ရုံးအဆောက်အအုံအသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အချောသတ်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောလျင်စွာ ပြီးစီးစေရေးနှင့် သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေး၍ ဌာနများက အမြန်ဆုံးအသုံးပြုနိုင်စေရေး အထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်