နေပြည်တော် နိုဝင်ဘာ ၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှ များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွှဲ ဖျော်ဖြေ တင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုကို ကြည့်ရှု အားပေးကြသည်။

 

ဦးစွာ “လှပချစ်စရာ တို့ရွှေ မြန်မာ” တေးသီချင်းနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း များမှ ကျောင်းသူ ၃၂၀ ၏ အက အလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်

 

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက မှာကြားရာတွင် အမျိုးသား အားကစားပွဲတော် ကျင်းပရန် အချိန်အားဖြင့် တစ်လခန့်သာ ကျန်ရှိတော့ကြောင်း၊ ကျောင်းသူ များ၏ အကအလှများသည် အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း၊ မြန်မာ လူမျိုးတို့၏ ချစ်စရာဓလေ့ကို ဖော်ကျူးသည့် “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်း ၏ အကအလှသည် Freefall ဆင်းသက်၍ Countdown ရေတွက်ပြီးသည့်အခါ ကပြရမည့် ဖွင့်ပွဲအကဖြစ်ကြောင်း၊ ပိတ်ပွဲ အခမ်းအနားတွင် “ရွှေပြည်တော် သို့ တို့အတူ” တေးသီချင်းဖြင့် အဓိပ္ပာယ်ရှိသည့် ရွှေပြည်တော် ကို သွားကြမည်ဆိုသည့် သီချင်း ဖြင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ မင်္ဂလာရှိသည့် အဖွင့်သီချင်းနှင့် အင်အားဖြစ်စေမည့် အပိတ်သီချင်းတို့ဖြင့် အနှစ်သာရရှိရှိဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း။

 

ယခုပွဲတော်ကြီးသည် မိမိတို့ နိုင်ငံအတွက် အရေးကြီးသကဲ့သို့ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင် ကျောင်းသူများ၏ ကြိုးစားမှုသည် အနှစ်သာရှိပြီး အလွန်အရေးကြီး ကြောင်း၊ တေးသီချင်း သရုပ်ဖော်တင်ဆက်မှုသည် လူငယ်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် တွေးခေါ်နိုင်မှုတို့ကိုဖော်ကျူးသည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် လေ့ကျင့်ပြင်ဆင်မှုများတွင် အခက် အခဲများရှိပါကလည်း အချိန်နှင့် တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့် သို့ တင်ပြဆောင်ရွက်စေလိုကြောင်း၊ ကျောင်းသူများအနေဖြင့် ပွဲတော်ကြီးတွင် စိတ်အားထက်သန်စွာဖြင့် အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ကျောင်းသူများ၏ ပညာရေးနှင့် ကျန်းမာရေးကို မထိခိုက် စေရန်အတွက်လည်း အထူးဂရုပြု စေလိုကြောင်းနှင့် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပျော်ပျော်ရွှင်ရွှင်၊ စည်းကမ်းရှိရှိဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြား သည်။

 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက မှာကြားရာတွင် ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ ကြီးကျယ်ခမ်းနား သည့် အခမ်းအနားတစ်ခုတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီအားဖြည့်ခွင့်ရသည့်အတွက် ဂုဏ်ယူတတ်စေလိုကြောင်း၊ နိုင်ငံတော်က “လူငယ်စွမ်းအား ပြည့်အင်အားဖြင့် ရှေ့သိုလှမ်းချီ မြန်မာပြည်” ၊ “လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆိုသည့် ဆောင်ပုဒ်များဖြင့် လူငယ်များ အတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနေကြောင်း၊ စိတ်ချမ်းသာစွာဖြင့် အကအလှများကို လေ့ကျင့်ဆောင်ရွက်ကြစေ လိုကြောင်းနှင့် မိမိတို့ဘက်ကလည်း အပြည့်အဝ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့သည် ပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်း အနားတွင် တေးသီချင်းများဖြင့် အကအလှများ ဖျော်ဖြေတင်ဆက်နိုင်ရေး အတွက် ဇာတ်တိုက်လေ့ကျင့် နေကြသည့် အနုပညာဦးစီးဌာနမှ အကနည်းပြ ဆရာ၊ ဆရာမများ၊ အခြေခံပညာ အထက်တန်း ကျောင်းများမှ ကြီးကြပ်ဆရာမ များနှင့် ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့် ပြီး အားပေးစကားပြောကြားသည်။

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်းများ၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီးအဆင့် အားကစားနည်းများနှင့် မသန်စွမ်း အားကစားနည်းများ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများကိုလည်း နိုင်ငံတော်အဆင့်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အများပြည်သူ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးနိုင်ရေးတို့အတွက် အခမ်းအနားပြင်ဆင်ရေးနှင့် ဖျော်ဖြေရေးကိစ္စ များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

သတင်းစဉ်