နေပြည်တော် ဒီဇင်ဘာ ၂
ယနေ့တွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်အားကစားနည်းများအလိုက် ပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားရုံနှင့် အားကစားကွင်းများ၌ စတင်ယှဉ်ပြိုင်လျက်ရှိရာ ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ပျဉ်းမနား မြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်းအားကစားကွင်း၌လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် U -21 အမျိုးသားဘောလုံး ပြိုင်ပွဲကို လေ့ကျင့်ရေးကွင်းအမှတ် (၃)၊(၄) တို့တွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် U-25 အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ကွင်းတို့တွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌လည်းကောင်း အကြိတ် အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာန ပေါင်းစုံအလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ ပိုင်းက နေပြည်တော် ပျဉ်းမနား မြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစားဝါသနာရှင်များ လာရောက်အားပေးကြည့်ရှုကြသည်။
ယနေ့သည် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်ဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ပြန်ကြား ရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးဌာနကိုယ်စားပြု အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနား များ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ခေတ်ခြောက်ခေတ် ယိမ်းအကဖြင့် လေ့ကျင့်နေမှု၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ ဖျော်ဖြေရေးအဖွဲ့များက သက်ဆိုင်ရာ ဖျော်ဖြေရေးအစီအစဉ်များအလိုက် လေ့ကျင့်ဆောင်ရွက်နေမှု၊ Lighting System၊ LED၊ အသံစနစ်နှင့် မီးစနစ်များ ကြိုတင်စမ်းသပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်