နေပြည်တော် နိုင်ဝင်ဘာ ၈
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအန်းမြို့တွင်ကျင်းပသည့် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ညီလာခံသို့တက်ရောက်နေစဉ်အတွင်း ဆူဒန်နိုင်ငံ၊ စွမ်းအင်နှင့် ရေနံဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ သံအမတ်ကြီးတို့အပြင် Central Asian Oil City မှ အမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ညီလာခံကျင်းပရေး ကော်မတီ ဥက္ကဌ၊ China Association for Asian Economic Development Mining Professional Committee မှ Deputy Secretary General ၊ အီရန်နိုင်ငံမှ Iran National Innovation Fund တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံသည်။
တွေ့ဆုံစဉ်ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု၊ ရေနံထွက်ပစ္စည်းများ ထုတ်လုပ်မှုနယ်ပယ်များတွင် အဆင့်မြင့်နည်းပညာများ အသုံးချရေး၊ တီထွင်ဆန်းသစ်မှုများ ပြုလုပ်နိုင်ရေး၊ ကုန်းတွင်းရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရေးသုံး စက်ပစ္စည်းကိရိယာများအား မူရင်းထုတ်လုပ် သူများထံမှ တိုက်ရိုက်ဝယ်ယူ အသုံးပြုနိုင်ရေးတို့အပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ကုန်စည်ပြပွဲ (Asian Oil & Gas Equipment Exhibition) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖိတ်ခေါ်သည့်ဖိုရမ် (Investment Forum for Oil & Gas Sector)တစ်ခုအား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Central Asian Oil City နှင့် China Association for Asian Economic Development Mining Professional Committee တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို ဧည့်သည်တော်အဖြစ် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)