နေပြည်တော် ၁၆ စက်တင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ တံတားဦးစီးဌာန အထောက်အကူပြုဌာနခွဲ(စက်မှု) ပင်မအလုပ်ရုံ (မြောက်)၏ ပင်မအလုပ်ရုံအတွင်းရှိ စက်၊ ယာဉ်၊ ယန္တရားများပြင်ဆင် ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အလုပ်ရုံရှင်းလင်းဆောင်၌ လက်ထောက်ညွှန်ကြားရေးမှူး(စက်မှု) ဦးမင်းဆွေက ပင်မအလုပ်ရုံ(မြောက်) တည်နေရာ၊ အဆောက်အဦများ အခြေအနေ၊ ဝန်ထမ်းအင်အား ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းအလိုက်စက်၊ ယာဉ်၊ ယန္တရားများအခြေအနေနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်ပြင်ဆင် ထုတ်ပေးခဲ့သည့် စက်၊ ယာဉ်၊ ယန္တရား အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းခွဲ (မန္တလေး)တွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ GIS Training သင်တန်းဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုအားပေးရာ သင်တန်းခန်းမဆောင်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးခင်သက်က GIS Training သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး များ၊ သင်တန်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက GIS စနစ်သည် ဌာနအတွက်များစွာ အကျိုးရှိပါကြောင်း၊ ဌာနတွင်း အချက်အလက်များကို မပျောက်ပျက်အောင် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ကျေးလက်လမ်းများ တိုးတက်လာမှုနှင့်အတူ ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအချက်အလက်များကို ပြည်သူများသိရှိအောင် ဆောင်ရွက်နိုင်ပါက ပို၍ကောင်းမွန်ကြောင်း၊ ယခုသင်တန်းမှ ပို့ချချက်များကို အကျိုးရှိအောင် ဆောင်ရွက်ရန် လိုကြောင်းမှာကြားသည်။
ယင်းနောက် သင်တန်းသားများက Upgrade Plan Of Rural Road ခေါင်းစဉ်ဖြင့် သရုပ်ပြရှင်းလင်းတင်ပြကြသည်။
ထို့နောက် ချမ်းမြသာစည်မြို့နယ်ရှိ လမ်းဦးစီးဌာန သုတေသနဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲ ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး လမ်းဦးစီးဌာန သုတေသနဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲနှင့် တံတားဦးစီးဌာန အရည်အသွေးထိန်းသိမ်းရေး ဌာနခွဲတို့မှ တာဝန်ရှိသူများက လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် ဓါတ်ခွဲခန်း၊ သုတေသန၊ လမ်းခင်း ပစ္စည်းအရည်အသွေး စစ်ဆေးခြင်း၊ တံတားပစ္စည်း အရည်အသွေး စစ်ဆေးခြင်း၊ နည်းပညာသင်တန်းများ ပို့ချဆောင်ရွက်ခြင်းတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး မြေနမူနာစမ်းသပ်ခန်း၊ ကွန်ကရစ်အရည်အသွေး စမ်းသပ်ခန်းနှင့် လမ်းသုတေသနဓါတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ယန္တရားတပ်ခွဲ(မြောက်) ရှင်းလင်းဆောင်၌ လက်ထောက်ညွှန်ကြားရေးမှူး (စက်မှု)က ဝန်ထမ်းအင်အား ဖွဲ့စည်းပုံ၊ စက်၊ ယာဉ်၊ ယန္တရားအခြေအနေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် လမ်းအထူးအဖွဲ့များရှိ စက်၊ ယာဉ်၊ ယန္တရားများ၊ JICA မှ လှူဒါန်းသော စက်၊ ယာဉ်၊ ယန္တရားများ၊ ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ် ယန္တရား တပ်ခွဲ(မြောက်) မှ ပြင်ဆင်ပေးနိုင်သည့် စက်၊ ယာဉ်၊ ယန္တရားအခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်၊ ယာဉ်၊ ယန္တရားများအား လမ်း၊ တံတားလုပ်ငန်းခွင်များတွင် အကျိုးရှိရှိ စနစ်တကျအသုံးပြုရန် မှာကြားပြီး စက်၊ ယာဉ်၊ယန္တရားများထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)


