ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

 

မကွေး ဩဂုတ် ၂၈

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မကွေးတိုင်း ဒေသကြီး မကွေးမြို့ အနော်ရထာလမ်း မင်းကံကြီးရပ်ကွက်ရှိ အဆိုပါ အဆောက်အအုံတွင် ကျင်းပသည်။

 

အခမ်းအနား အစီအစဉ်ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဝန်ကြီးဦးဇော် အေးမောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ညွှန်ကြားရေးမှူးရုံး ဆိုင်းဘုတ်ကို အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ်နှင့် ရုံးအဆောက်အအုံ မြေညီထပ်တွင် ခင်းကျင်းပြသထားသည့် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

mdn

 

ဆက်လက်၍ ဒုတိယပိုင်းကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဖွင့်လှစ်သည့် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ (၁၃) ရုံးမြောက် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် တိုင်းရင်းသား လူမျိုးများ၏ လူမှုဘဝ မြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ယခုဖွင့်လှစ်လိုက်သည့် ညွှန်ကြားရေးမှူးရုံးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများအားလုံးနှင့် သက်ဆိုင်သည့် ရုံးဖြစ်သည့်အတွက် ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်စေဘဲ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အနေဖြင့် မိမိတို့၏နေ့ထူးနေ့မြတ် အခမ်းအနားများ၊ ဆွေးနွေးပွဲများနှင့် တိုင်းရင်းသားများ၏ အရေးကိစ္စများကို ဤရုံး၌ လွတ်လပ်စွာ လာရောက်ကျင်းပ ဆွေးနွေးနိုင်ပါကြောင်း၊ ထို့ပြင်ဝန်ကြီးဌာနအသစ်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း မကွေးတိုင်းဒေသကြီး အစိုးရအနေဖြင့် ဆက်လက်ကူညီပံ့ပိုး ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က အမှာစကားပြောကြားကြသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ရုံးဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်ကာ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်

 

သတင်းစဉ်