ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အတွင်း တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ

 

 

မြစ်ကြီးနား၊ ဇန်နဝါရီ ၉

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မနောအိမ်တော်၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်သူ/ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှုကြောင့် ကချင်ပြည်နယ်သည် ယခုကဲ့သို့ (၇၅) နှစ်မြောက် စိန်ရတု ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့သော်လည်း မိမိတို့ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသလို ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပြည်နယ်အတွင်းရှိ  ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅) မျိုးနှင့် ဗမာတိုင်းရင်းသားတို့ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် မိမိတို့၏ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့တိုင်းရင်းသားအဖွဲ့များ အချင်းချင်း စည်းလုံးညီညွတ်ပြီး ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များဖြစ်သည့် ကချင် (၆) မျိုး၊ ရှမ်း (၅) မျိုးနှင့် ဗမာတိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင်များထံ ထောက်ပံ့ငွေကျပ် ၃ သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၃၆ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကချင်တိုင်းရင်းသားမျိုးနွယ်စု အားလုံးကိုယ်စား မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလနူးက လည်းကောင်း၊ ရှမ်းမျိုးနွယ်စုများကိုယ်စား ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောနွဲ့ကြံအောင်က လည်းကောင်း၊ ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း၊ အတွင်းရေးမှူး ဦးဝင်းကြည်တို့ကလည်းကောင်း ကျေးဇူးတင်စကားနှင့် အသင်း၊ အဖွဲ့များအတွက် လိုလားချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေ နှင့်ရိုးရာယဉ်ကျေးမှု အသင်းအဖွဲ့များနှင့်အတူ မနောအိမ်တော်ရှေ့၌ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်ပြန်/ဆက်