ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ဆိုက်ဘေးရီးယန်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် သည် ဆိုက်ဘေးရီးယန်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအသင်း (Siberian Association for International Cooperation)ဥက္ကဋ္ဌ မစ္စတာ ပါးဗျော အော်စတာဗျော့ဟော်ဗ် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုနှင့် ကမ်းခြေခရီးစဉ်ဒေသများသို့ ရုရှားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေး၊ ရုရှားနိုင်ငံရှိ ခရီးသွားကုမ္ပဏီများနှင့် မြန်မာ နိုင်ငံရှိ ခရီးသွားကုမ္ပဏီများအကြား အွန်လိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်၍ ခရီးသွား များ အပြန်အလှန် သွားလာလည်ပတ်မှု မြှင့်တင်နိုင်ရေး၊ နိုဗိုစီဗစ်မြို့နှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက် လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း သာမက အခြားစီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများတွင် အကူအညီပေးရေး၊ Welcome Russia Program in Myanmar အစီအစဉ် ဆောင်ရွက်နေမှုနှင့် ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာခရီးစဉ်များ (Familiarization –FAM Trip) စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ ရုရှားခရီးသွားဧည့်သည်များ လာရောက်ရာတွင် ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးနှင့် မြန်မာ နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားမြှင့်တင်ရေးအတွက် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်