နေပြည်တော် ၉ အောက်တိုဘာ
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲရှောင်တိုင်းရင်းသားများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောက်မဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖွံ့ဖြိုးမှု အညွှန်းကိန်းများ အလိုက် ဦးစားပေးအစီအစဉ်ဖြင့် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးသည် ငြိမ်းချမ်းရေး အပေါ်တွင် မူတည်ကြောင်း၊ အားလုံးသာတူညီမျှခံစားရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ရရှိရေးအတွက် လိုအပ်သော အခြေခံမူများ၊ ဥပဒေများချမှတ်နိုင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် ဦးတည်ကြိုးပမ်းလျက်ရှိသော်လည်း၊ လက်နက်ကိုင်ပဋိပက္ခများ ရှိနေဆဲဖြစ်ပြီး ယခုလို ကိုဗစ်-၁၉ ကာလ စိန်ခေါ်မှုများကို ကျော်လွှားနေရချိန်တွင် တိုက်ပွဲရှောင်များ၏ဒုက္ခကို ကိုယ်ချင်းစာပါ ကြောင်း၊ တိုက်ပွဲရှောင်များ၊ နေရပ်စွန့်ခွာရသူများကို ပံ့ပိုးကူညီခြင်း၊ ပြည်လည်ထူထောင်ခြင်း၊ ပြန်လည်နေရာ ချထားခြင်း လုပ်ငန်းများကို မိမိတို့ဝန်ကြီးက အဓိက တာဝန်ယူဆောင်ရွက်ရကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ အတွက် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ လူမှုရေးအဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသူအားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ငြိမ်းချမ်းရေးကို ဦးတည်သည့် ကူညီဆောင်ရွက်မှုများဖြစ်ပြီး ပိုမိုထိရောက် အောင်မြင်မည်ဖြစ်ကြောင်း၊ ယခု ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း အောက်တိုဘာ ၃ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ယနေ့ အခြေအနေအရ ကျေးရွာအုပ်စု (၅) စု ၊ ကျေးရွာ (၉) ရွာတို့မှ အိမ်ထောင်စု (၄၀၄) စု၊ လူဦးရေ (၁၂၄၁) ဦးတို့သည် တောင်ထိပ်ဘုန်းကြီးကျောင်း၊ ပုံဝိုးဘုန်းတော်ကြီးကျောင်း၊ နားဆောင်းဘုန်းတော်ကြီးကျောင်း၊ ခဲရှင်ဘုန်းတော်ကြီး ကျောင်းနှင့် နောင်ကွမ် ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်လျက်ရှိသည်ဟု သိရကြောင်း၊ ၎င်းတို့အတွက် ဆန်ရိက္ခာဖိုး (၂)ပတ်စာ စုစုပေါင်း ငွေကျပ် ၅၂၁၂၂၀၀ ကို ကနဦးအနေဖြင့် ယနေ့ထောက်ပံ့ခြင်းဖြစ်ပြီး လိုအပ်မှုများအပေါ်မူတည်၍ ဆက်လက်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က တစ်နိုင်ငံလုံးရှိ တိုက်ပွဲရှောင်များအား ထောက်ပံ့ဆောင်ရွက်နိုင်မှု အခြေအနေ၊ အရေးပေါ်ထောက်ပံ့မှုများသာမက ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က တိုက်ပွဲရှောင်များရောက်ရှိနေမှု အခြေအနေ၊ ထောက်ပံ့ပေးမည့် အခြေအနေ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြီး တက်ရောက်လာကြသူများက တိုက်ပွဲရှောင်ပြည်သူများနှင့် ပတ်သက်၍ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၂)ပတ်စာ စုစုပေါင်းငွေကျပ် (၅၂၁၂၂၀၀) ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးက ကျောက်မဲ ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


