နေပြည်တော် ၁၄ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွင်း နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူ များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ဆောင်ရွက်ထားရှိမှုများ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့် Video Conference ပြုလုပ်သည်။
ညှိနှိုင်းဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် (၄) ခုရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွင်း နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး စီမံချက်ကိုရေးဆွဲခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ကိုလည်း ရရှိပြီးဖြစ်ကြောင်း၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများနှင့် လည်း စီမံချက်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း၊ စီမံချက်အရလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် ဘဏ္ဍာငွေကုန်ကျစရိတ်ကိုစိစစ်ပြီး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသများလိုက် မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြသော ဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းတာဝန်များ များပြားသော်လည်း ယခုကာလအတွင်း အားသွန်ခွန်စိုက် ကြိုးပမ်းပေးကြစေလိုကြောင်း၊ IDP စခန်းများနှင့် တိုက်ပွဲ ရှောင်စခန်းများအတွင်း နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ရေး လက်ရှိလုပ်ငန်းဆောင်ရွက်မှုများကို နေ့စဉ်သတင်းပေးပို့ကြရန်နှင့် လုပ်ငန်းများအလိုက် အကောင် အထည်ဖော်ရာတွင် လိုအပ်ချက်များကို ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွင်း နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေ စီမံချက်ကို စီမံခန့်ခွဲမှုအကောင်းဆုံးနှင့် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက စီမံချက်ပါ လုပ်ငန်းစဉ်များကို ပြည်နယ်များအလိုက် လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများအတွင်း လက်ရှိဆောင်ရွက်ပေးနေသည့် အသိပညာပေး လုပ်ငန်းများ၊ စခန်းများတွင် လုံလောက်သော ရေ၊ ဆပ်ပြာ နှင့် လက်ဆေးရန် နေရာများစီစဉ် ဆောင်ရွက်ပေးရေး အခြေအနေ၊ အနီအောက်ရောင်ခြည် ကိုယ်အပူချိန်တိုင်း ကိရိယာများ လုံလောက်စွာရရှိရေးနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်နိုင်ရေး အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိရပါကဆောင်ရွက်ရမည့် လူနာညွှန်းပို့ခြင်းလုပ်ငန်းစဉ် ရေးဆွဲထားသည့် အခြေအနေ၊ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (သို့မဟုတ်) အဝတ်ဖြင့်ချုပ်ထားသည့် ပါးစပ်နှင့် နှာခေါင်းစည်းများ ပေဝေးရေး၊ စားရေရိက္ခာ ပံ့ပိုးထောက်ပံ့မှု အခြေအနေများကို ပြည်နယ်အသီးသီးက တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်တို့ကို ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


