ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်

 

နေပြည်တော်၊ နိုဝင်ဘာ ၂၅

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့် ထောက်ပံ့ရေးဆိုင်ရာ ကွင်းဆက်များကို စနစ်တကျချိတ်ဆက် ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်း၌ ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမတွင် ကျင်းပပြုလုပ်သော ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များဆိုင်ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် တက်‌ရောက်သည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် ကဏ္ဍစုံဖြင့် ဆက်စပ်လျက်ရှိကာ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများစွာဖြင့် ပါဝင်ဖွဲ့စည်းလည်ပတ်နေသော လုပ်ငန်း တစ်ခုဖြစ်ပြီး ယင်းလုပ်ငန်းများနှင့် ထောက်ပံ့ရေးဆိုင်ရာ ကွင်းဆက်များမှာလည်း ကျယ်ပြန့်သည့် သဘောသဘာဝရှိပါကြောင်း၊ ယင်းလုပ်ငန်းများ အားကောင်းခိုင်မာနေခြင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေပြီး ခရီးသွားလုပ်ငန်း ထွန်းကားလာခြင်းသည် MSMEs လုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူများ ပေါ်ပေါက်လာရေးအတွက် အားပေးရာရောက်ကာ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ အားသာချက်နှင့် အားနည်းချက်များကို ရှာဖွေဖော်ထုတ်၍ ထိထိရောက်ရောက် ဟန်ချက်ညီစွာ ယှဉ်တွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အပံ့များရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ခရီးသွား လုပ်ငန်းသည် အခြားစီးပွားရေးလုပ်ငန်းများကဲ့သို့ ထုတ်လုပ်သူက စားသုံးသူသို့ ပို့ဆောင်ရခြင်းမျိုး မဟုတ်ဘဲ စားသုံးသူမှ ထုတ်လုပ်ရောင်းချသူသို့ လာရောက်ရခြင်းဖြစ်သည့်အတွက် မိမိတို့ဒေသ၏ ရိုးရာထုတ်ကုန်၊ လက်မှုအနုပညာများကို ကိုယ်တိုင်ဖော်ထုတ် တင်ဆက်ပြသနိုင်သော အားသာချက်များ ရှိပါကြောင်း၊ ယင်းအတွက် ထောက်ပံ့ရေး ကွင်းဆက်ဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်အား သိရှိနားလည်ထား ကြရန် လိုအပ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲက ခရီးသွားကဏ္ဍနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ အရေးပါမှုများကို သိရှိနားလည်ပြီး ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်းနှင့် တက်ရောက် လာကြသူများမှ တက်တက်ကြွကြွ ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs လုပ်ငန်းများ၏ အရေးပါမှုများနှင့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက ဆွေးနွေးပွဲ သဘာပတိအဖြစ် ဆောင်ရွက်ကာ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေဇင်ထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာခင်၊ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ပါမောက္ခ ဒေါက်တာသီဟထွန်းနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းနှင့် ဒေါ်မျိုးမျိုးသန်းတို့က MSMEs နှင့် ခရီးသွားလုပ်ငန်း ထောက်ပံ့ရေး ကွင်းဆက်များ၏ ဆက်နွယ်မှုများနှင့် သဘောသဘာဝများ၊ MSMEs ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာလုပ်ဆောင်မှု အစီအစဉ်များ၊ နိုင်ငံအလိုက်ချမှတ်ထားသော ညွှန်းကိန်းများနှင့် အကောင်အထည် ဖော်နိုင်မှု၊ ထောက်ပံ့ရေးကွင်းဆက်နှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီးနောက် ဆွေးနွေးပွဲသဘာပတိက ဆွေးနွေးပွဲရလဒ်များကို သုံးသပ်ဖော်ထုတ် တင်ပြသည်။

 

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစ ကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)