ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ကျောင်းအပ်နှံနေမှုများ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်၊ မေ ၂၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၁၀) အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၈) အခြေခံပညာ အထက်တန်း‌ကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက် ထားရှိမှု၊ ကျောင်းဘောလုံးကွင်း ဆောင်ရွက်ထားမှု၊ စာသင်ခန်းအတွင်း ပြင်ဆင်ထားရှိမှု၊ အခြေခံပညာ မူလတန်းအဆင့်၊ အခြေခံပညာအလယ်တန်းအဆင့်၊ အခြေခံပညာအထက်တန်း အဆင့်တို့အတွက် စာရိတ္တနှင့်ပြည်သူနီတိ၊ အနုပညာ၊ ကာယပညာနှင့် စာကြည့်တိုက်အပါအဝင် ဘာသာရပ်အလိုက် စာသင်ချိန် သတ်မှတ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံကြသည့် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက် မှ ဇွန် ၂ ရက်အထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်ကလေးများ အားလုံးကို ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေး၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေး လျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ ရက်မှ မေ ၂၇ ရက်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူစုစုပေါင်း ၅၁၆၀၀၁၉ (ငါးဆယ့်တစ်သိန်းခြောက်သောင်း တစ်ဆယ့်ကိုး) ဦးထိ လာရောက်ကျောင်းအပ်နှံကြကြောင်း သိရသည်။
သတင်းစဉ်