ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှု အခြေအနေ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ကောင်းမွန်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်များရှိကြမည်ဖြစ်ကြောင်း၊ ထိုရည်ရွယ် ချက်များ အောင်မြင်ရေးအတွက် နှစ်စကတည်းက ပညာကိုကြို စားသင်ယူကြစေလိုကြောင်း၊ ကျန်းမာရေးကောင်းမှ ပညာကိုရယူနိုင်မည်ဖြစ်ရာ မိမိတို့၏ တစ်ကိုယ်ရေ ကျန်းမာရေး ကောင်းမွန်ရန် အထူးဂရုစိုက်ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကို ပညာတတ်၊ လူတော် လူကောင်းများဖြစ်အောင် ဆရာ ဆရာမများအားလုံး ဝိုင်းဝန်းလက်တွဲ၍ ညီညီညွတ်ညွတ် ပြုစုပျိုးထောင် သင်ကြားပေးကြရန်လိုကြောင်း၊ သင်ကြားရာတွင်လည်း မည်သည့်ခွဲခြားမှုမျိုးမှမရှိစေဘဲ စေတနာအပြည့်ဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးကြစေလိုကြောင်း၊ စာတတ်အောင် သင်ကြားရုံသာမက မျိုးချစ်စိတ်နှင့် နိုင်ငံချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်လည်း သင်ကြားပေးကြရန်လို အပ်ကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း များသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုကာ စာသင်ကျောင်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်