နေပြည်တော်  ၁၆  စက်တင်ဘာ 


ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
    

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှူးများ တက်ရောက်ကြသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသည့် လုပ်ငန်းဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအပေါ် ကျွမ်းကျင်ပိုင်နိုင်စွာသိရှိ လိုက်နာရန် လိုအပ်ပြီး အဂတိရားကင်းရှင်းစွာ ရပ်တည်ဆောင်ရွက်ကြရန်နှင့် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အားသာချက်၊ အားနည်းချက်များကို ဝေဖန်ပိုင်းခြားပြီး ရာထူး အဆင့်ဆင့်အလိုက် ဟန်ချက်ညီသည့် အထောက်အပံ့ကောင်းများအဖြစ် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို ရည်မှန်းချက်အတိုင်း ပြီးမြောက်အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း။


ရာသီဥတုကို တည်မှီဆောင်ရွက်ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းကဏ္ဍများတွင် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမှုရှိစေရေးအတွက် မိမိတို့ကျွမ်းကျင်ရာ နယ်ပယ်အလိုက် လိုအပ်သလို တီထွင်ကြံဆ ဆောင်ရွက်ခြင်းနှင့် စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုနှင့် ဒေသတွင်းမှတစ်ဆင့် အဆင့်ဆင့် ကြီးကြပ်သည့် စနစ်ကောင်းဖြင့် ဆောင်ရွက်မှသာ သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ကြမည်ဖြစ်ကြောင်း၊ ဆည်ရေသိုလှောင်မှုအလိုက် စိုက်ပျိုးရေပေးနိုင်မည့် ပမာဏကိုနှစ်အလိုက် သတ်မှတ်ထုတ်ပြန် ပေးမည်ဖြစ်သဖြင့် ဒေသအလိုက် ရာသီအလိုက်စိုက်ပျိုးသီးနှံများ မျိုးရွေးချယ် စိုက်ပျိုးနိုင်ရေး၊ သီးနှံပြောင်းလဲ စိုက်ပျိုးနိုင်ရေးအပါအဝင် နည်းပညာကဏ္ဍ၊ မျိုးစေ့ကဏ္ဍ၊ သွင်းအားစုကဏ္ဍဆိုင်ရာ လိုအပ်ချက်များစနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဖော်ထုတ်အသုံးပြုလျက်ရှိသည့် စိုက်ပျိုးမြေများ အကျိုးရှိထိရောက်စွာ ရေရှည်တည်တံ့ အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်စဉ် ကြုံတွေ့ရသည့် အခက်အခဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ဖြေရှင်းကြရန် လိုအပ်ကြောင်း၊ တင်ဒါခေါ်ယူဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ဘဏ္ဍာငွေ စီမံခန့်ခွဲမှုများတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသအလိုက် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေး မှာကြားသည်။


ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာဇံမြို့နယ် သရက်ကုန်း ငါးလုပ်ငန်းစခန်းရှိ ရေချိုငါးမွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနသို့ ရောက်ရှိကြပြီး ငါးသုတေသနလုပ်ငန်း ဆောင်ရွက်ချက်များအား ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်နှင့် သုတေသန ပညာရှင်များက ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် နတ်ရေကန်ငါးသား ဖောက်စခန်းသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ငါးသားဖောက်လုပ်ငန်းနှင့် မျိုးငါးဖြန့်ဖြူးပေးနေမှု၊ တောင်သူပညာပေးသင်တန်းများနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ToT သင်တန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)