နေပြည်တော် နိုဝင်ဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများ သည် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)နှင့် (ရန်ကုန်)တို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူ များအား စိစစ်အတည်ပြု ရွေးချယ်ကြကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း၊ရန်ကုန်)တို့ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ် သင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး သင်တန်းသား သင်တန်းသူများ ထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုး/မွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း၊ရန်ကုန်) တို့သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သတ်မှတ် အမှတ်ပြည့်မီသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား၊ တိုင်းရင်းသူများကို လူတွေ့စစ်ဆေး အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက မြန်မာနိုင်ငံ တစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအား ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်းများအတွက် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ၂၂၁ ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)တွင် ၂၂၃ ဦး၊ စုစုပေါင်း ၄၄၄ ဦးကို စိစစ်အတည်ပြုရွေးချယ်ခဲ့ပြီး ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ ၄ နှစ် နှင့် A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ကာ ကျောင်းဆင်းပြီးချိန်တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာရရှိသူများကို ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိဒေသ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSMEs လုပ်ငန်းများနှင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူ ရာထူးနေရာများအတွက် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)