ပြည်ထောင်စုချစ်ကြည်ရေးသို့

၁၁ ဇန်နဝါရီ

ယနေ့မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံရေးရည်မှန်းချက်တစ်ခုမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအဖြစ်ထူထောင် ရန်ဟူ၍ ဖြစ်၏။

အမှန်တော့ ဖက်ဒရယ်ဟူသည့် အသုံးအနှုန်းကိုယ်နှိုက်က ခေတ်အကူးအပြောင်းတစ်ခုကို ဖော်ပြနေသည်ဟု ဆိုနိုင်ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံကိုအုပ်စိုးခဲ့သော အာဏာရှင်တို့လက်ထက်တွင် ဖက်ဒရယ်ဆိုသည်ကို စကားလုံးအနေဖြင့်ပင် ဖွင့်ဟပြောဆိုခွင့်မရှိဟုဆိုလျှင် လွန်ရာကျမည်မထင်ပါ။ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတို့သည် 'ဖက်ဒရယ်' ဆိုသည်မှာ အစိုးရဆန့်ကျင်ရေးစကားလုံးဟု သတ်မှတ်ထားပုံရပါသည်။

ယနေ့ ပြည်ထောင်စုသားတိုင်းရင်းသား လူမျိုးစုအားလုံးသည် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ကြရန် ဆွေးနွေးနေကြသည်။ ယေဘုယျအားဖြင့်ဆိုလျှင် ပြည်သူလူထုအများစုသည် ပြည်ထောင်စုစနစ်ကို ထူထောင်လိုကြသည်။ မည်သို့ ထူထောင်ကြမည်နည်း။

လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးတိုက်ပွဲဝင်ခဲ့သည့် ကာလတွင် တိုင်းရင်းသားများ၊ တောင်တန်းဒေသသားများအကြား စုစည်းချစ်ကြည်ညီညွတ်မှုကို ဖော်ပြရန်လိုအပ်လာသည့်အခါ အမျိုးသား ခေါင်းဆောင်ကြီး ဦးအောင်ဆန်းနှင့်အတူ တိုင်းရင်းသားခေါင်းဆောင်များ စိတ်တူသဘောတူ လက်မှတ်ရေးထိုးခဲ့ကြ၏။ လွန်ခဲ့သော ၇၄ နှစ်၊ ၁၂ ဖေဖော်ဝါရီ ၁၉၄၇ နေ့တွင် ပြည်ထောင်စုညီညွတ်ရေးကို ဖော်ပြခဲ့သည့် ပင်လုံစာချုပ်အဖြစ် မော်ကွန်းတင်နိုင်ခဲ့ပေသည်။

ထိုစဉ်ကာလက နိုင်ငံရေးရင့်ကျက်သော၊ ရေရှည် နိုင်ငံ့အကျိုး ပြည်ထောင်စုသားအားလုံးတို့၏အကျိုးကို တွက်ဆမြော်မြင်နိုင်သော နိုင်ငံရေးခေါင်းဆောင်တို့သည် စည်းလုံးညီညွတ်မှု၏ အရေးကြီးပုံကို အလေးအနက်ထား နားလည်ခဲ့ကြသည်။

ယနေ့ ကိုယ့်အချုပ်အခြာအာဏာဖြင့် ကိုယ်ရပ်တည်နေနိုင်သည့် လွတ်လပ်သော မြန်မာနိုင်ငံဟူသည်က မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုသား တိုင်းရင်းသား ပြည်သူလူထု၏ ညီညွတ်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ညီညွတ်ရေး အက်ကြောင်းငယ်တို့ လွတ်လပ်ရေးနှင့်အတူပေါ်လာသည့်အခါ မြန်မာနိုင်ငံသူနိုင်ငံသားတို့သည် ပြည်တွင်းစစ်ဆိုသည်နှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့သည်။

ထိုမှစကာ နိုင်ငံရေးနှင့်ဆက်နွှယ်နေသော ပြဿနာအရပ်ရပ်ကို စစ်ရေးနည်းဖြင့်သာ ဖြေရှင်းကြရန် ကြိုးပမ်းခဲ့ကြရင်း မြန်မာနိုင်ငံသည် ညီညွတ်ရေးပြိုကွဲမှုကို တစ်စစဖြင့် ကြုံလာခဲ့ရသည်။

ယခုအခါ နိုင်ငံရေးပြဿနာတို့ကို စစ်ရေးနည်းဖြင့် ဖြေရှင်းနေကြခြင်းကို အဆုံးသတ်ကာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြရန် အားလုံးဆွေးနွေး တိုင်ပင်နေကြပြီဖြစ်သည်။ အခြေခံအားဖြင့်လွန်ခဲ့သော ၇၄ နှစ်ခန့်ကာလက ပင်လုံစိတ်ဓာတ်ကို ယနေ့ ပြန်လည်မွေးမြူကြရန်လိုမည်ဟု ယူဆပါသည်။

နိုင်ငံတကာအလယ်တွင် အတော်ပင် အောက်ကျနေရသော အခြေအနေမှ လွတ်မြောက်ကျော်လွန်နိုင်ရန် ယခုလို အားလုံး အားထုတ်နေကြချိန်တွင် ပြည်ထောင်စုညီညွတ်ရေးက ထိပ်တန်းအရေးကြီးသည့် ရည်မှန်းချက်ဖြစ်ပါသည်။

လူတို့၏သဘာဝအရ သဘောထားကွဲလွဲမှု၊ ငြင်းခုန်ရမှုဟူသည် ရှိမြဲဖြစ်သော်လည်း တိုင်းရင်းသား ပြည်ထောင်စုသားတို့အကြားတွင် ရှိနေရမည့် ယဉ်ကျေးသော စိတ်စေတနာမှန်က အရေးကြီးပါလိမ့်မည်။

အင်အားကြီးသည် ငယ်သည်မဟူ၊ လူမျိုးကြီးငယ်သည်ဟု မရှိဘဲ၊ လူအချင်းချင်း လေးလေးစားစား သဘောထားခြင်း၊ ယဉ်ကျေးသောစိတ်ဖြင့် စိတ်စေတနာမှန်ကန်ခြင်း၊ ရေရှည်အကျိုးစီးပွားကို ရှုမြင်ခြင်း၊ အာဃာတကင်းခြင်း၊ သိမ်မွေ့သောနှလုံးဖြင့်ပြေလည်ရေးကို ဘက်အားလုံးက ဦးတည်ကြခြင်းဖြင့် ညီညွတ်ရေး စိတ်ဓာတ်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ပြုအပ်ပါသတည်း။

မြန်မာ့အလင်း