ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး ကရင်ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေး အရာရှိများနှင့် တွေ့ဆုံ

ဘားအံ ၃  မေ     

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးသည် ကရင်ပြည်နယ် တရားလွှတ်တော်၊ ဘားအံခရိုင်နှင့် ဖါပွန်ခရိုင်းအတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် မေ ၂  ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က  ကရင်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးက ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် ပွင့်လင်းမြင်သာပြီး အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးသိန်းကိုကို နှင့် တက်ရောက်လာကြသော ဘားအံခရိုင်တရားရုံး၊ ဖာပွန်ခရိုင်တရားရုံး၊ ဘားအံမြို့နယ် တရားရုံး၊ လှိုင်းဘွဲမြို့နယ်တရားရုံး၊ သံတောင်ကြီးမြို့နယ်တရားရုံး၊ ဖာပွန်မြို့နယ် တရားရုံးတို့မှ တရားသူကြီးများ၊ တရားရေးအရာရှိများက တရားစီရင်းရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြကာ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးဦးသာဌေးက အဂတိတရားကင်းရှင်းရန် နှင့် အများပြည်သူယုံကြည်ကိုးစားလာစေရန် အတွက် အထူးအလေးထားဆောင်ရွက်ကြရန်   မှာကြားခဲ့ကြောင်း သိရသည်။

 

အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးသည် မေလ ၃ ရက်နေ့တွင် မြဝတီခရိုင် တရားရုံးအစည်းအဝေးခန်းမ၌ ကော့ကရိတ်ခရိုင်တရားရုံး၊ မြဝတီခရိုင်တရားရုံး၊ ကော့ကရိတ်မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တရားရုံးနှင့် မြဝတီမြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

IMG-a10