ရန်ကုန် ၁၅ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း အခြေခံ လက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် We Love Yangon မှ အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲက ညောင်ကုန်းရပ်ကွက်ရှိ နွမ်းပါးအိမ်ထောင်စု ၂၀၀ အား အခြေခံစားသောက်ကုန်များကို လာရောက်လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား We Love Yangon မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်းနှင့် တာဝန်ရှိသူများသည် ညောင်ကုန်းရပ်ကွက် မေခလမ်းမကြီးနှင့် ကန်ပတ်လမ်းထောင့်ရှိ နွမ်းပါးအိမ်ထောင်စု ၂၀၀ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်၊ အချိုရည် တစ်ကဒ်၊ ခေါက်ဆွဲခြောက် ၁၅ ထုပ်၊ ငါးသေတ္တာ ၃ ဘူး စသည့် တန်ဖိုးငွေကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိသော အခြေခံစားသောက်ကုန်ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့အနေဖြင့် ပြည်သူမှပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒလမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံလူတန်းစားအိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


