နေပြည်တော် မေ ၂၈

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး ထိုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းသည် ၇၈ နှစ်ခန့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ခံစားခဲ့ရသည့် နိုင်ငံတစ်ခုဖြစ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှု ကိစ္စကိုအကြောင်းပြုပြီး မကျေလည်မှုများ ဖြစ်ခဲ့ကြ၍ ပြည်တွင်း ဆူပူမှုများဖြစ်ခဲ့ပြီး ရဟန်းရှင်လူ ပြည်သူအများအပြား၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်းတွင်လည်း မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းနှင့် မန္တလေးမြေငလျင်ကြီး ကဲ့သို့သော သဘာဝဘေးအန္တရာယ်များလည်း ပြင်းထန်စွာခံစားခဲ့ရကြောင်း၊ ထိုသို့ ခက်ခဲသောကာလ အတွင်းတွင် ၂၀၂၅ ခုနှစ်၌ ရွေးကောက်ပွဲများကို အပိုင်း ၃ ပိုင်းဖြင့် အောင်မြင်စွာ ကျင်းပပေး နိုင်ခဲ့ကြောင်း။

 

အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူလူထု ရွေးချယ်တင် မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသည့် မဏ္ဍိုင် ကြီးသုံးရပ်ကို တာဝန်ယူဆောင် ရွက်လျက်ရှိကြောင်း၊ မိမိတို့ လွှတ်တော်သည် ဥပဒေပြုရေးကို အဓိက လုပ်ဆောင်ရကြောင်း၊ အစိုးရအနေဖြင့် ရက် ၁၀၀ စီမံကိန်းချမှတ်ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဥပဒေပြုရေးလုပ်ငန်း၏ အဓိကတာဝန်သည် ဥပဒေအကာ အကွယ်အောက်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေး၊ တည်ဆဲဥပဒေများကို ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အသစ်ပြန်လည် ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်မှုများနှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အွန်လိုင်းလိမ် လည်မှု တိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲထားပြီးဖြစ်၍ လာမည့် လွှတ်တော်အစည်း အဝေးများတွင် အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဥပဒေ မူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်း နိုင်ရေး ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လွှတ်တော်သည် အစိုးရနှင့်ပေါင်းစပ်ညှိနှိုင်း ပြီး ပြည်သူများ၏ လိုအပ်ချက်များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူကို ကိုယ်စားပြု၍ ပြည်သူတို့၏ အခက်အခဲ၊ ပြည်သူတို့၏ဆန္ဒများကို လွှတ်တော်မှတစ်ဆင့် အစိုးရ ထံပေးပို့ရပြီး အစိုးရနှင့် ပြည်သူကြား ပေါင်းကူးဆောင်ရွက်ပေးရကြောင်း၊ အဆွေတော်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။

 

ထို့နောက် ယာယီညှိနှိုင်းရေးမှူးက ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူများကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများဘေးကင်း လုံခြုံစွာဖြင့် အဟန့်အတားမရှိ ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် မြို့ရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါး များ တားဆီးနှိမ်နင်းရေး၊ ဘိန်း အစားထိုးသီးနှံအဖြစ် ကော်ဖီ စိုက်ပျိုးပေးနိုင်ရေးနှင့် ဈေးကွက်များ ရှာဖွေပေးခြင်းဖြင့် ဒေသ အတွင်းရှိ ပညာရေး၊ ကျန်းမာရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။

 

ပူးပေါင်းဆောင်ရွက်

 

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်နေသည်ကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်စေရေး အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယာယီနေရပ် စွန့်ခွာရွှေ့ပြောင်းရသူများကို မိမိဒေသ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်း များတွင်လည်း ပူးပေါင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်