ပြည်သူ့အတွက် တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ၁၅ မေ 

ပြည်သူ့အတွက် တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1

 

သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ကြားခွင့်ရရှိရေး၊ မည်သည့်တစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူမရှိစေရေး၊ တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်တတ်ပြီး တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ပြုစုပျိုးထောင်ရေး၊ တစ်သက်တာသင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေးဆိုသည့် မျှော်မှန်းရလဒ်များဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

2

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများကို ပေးထားသည့် ကတိအတိုင်း ပညာရေး ပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းစဉ် ၁၂ ရပ်ဖြစ်သည့် ရှေးဦးကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှင့် သယ်ယူခွင့်များရရှိရန် ဆောင်ရွက်မည်ဖြစ်ရာ မူလတန်းအရွယ်ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက် အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်း သောကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများစသည့် ကလေးများအတွက် အလေးထားသည့် ပညာရေးအစီအစဉ်များ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်းတိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်တမ်းပြုစု ရေးဆွဲခြင်းနှင့် သင်ကြားခြင်းများအပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း၊ သင့်လျော်သော ဆရာ၊ ကျောင်း သားအချိုး ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာ ရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ခြင်း၊ အခြေခံပညာရေးကို လူတိုင်းပိုမို လက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများရှိ ကျောင်းများ (အထူးသဖြင့် ကျောင်းသုံးအဆောင်ပစ္စည်းများ လုံလောက်မှု မရှိသော အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ)၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းဆောင်ရွက်ပေးခြင်း။

ပညာအရည်အချင်းနည်းပါးသူများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရန် အခြေခံပညာအလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များနှင့် သက်မွေးမှု သင်တန်းအစီအစဉ်များဖြင့် ဆက်လက်ပညာဆည်းပူးနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့် သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော်ဆောင်ပေးခြင်း၊ နည်းပညာနှင့်အသက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး ပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း။

ကျောင်းသားမိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်ခြင်း၊ တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက်သည့် ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာကြီး ကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ဖော်ဆောင်လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးအသုံးစရိတ်တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၁၇ ထရီလီယံ တိုးမြှင့်အသုံးပြု၍ ပညာရေး ပြုပြင်ပြောင်းလဲ မှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေသလို အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသော ပညာရေးစနစ်ကို အဓိက ပြုပြင်ပြောင်းလဲနေပါကြောင်း၊ အခြေခံပညာကဏ္ဍတွင် သူငယ်တန်း + ၁၂ တန်းပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် မူလတန်းပြီးသည့် ကလေးတိုင်းကို အလယ်တန်း၊ အထက်တန်း ပညာရပ်များ ဆက်လက်သင်ယူစေပြီး သတ်မှတ်အရည်အချင်းအလိုက် ဘွဲ့၊ ဒီဂရီများ ရရှိစေပြီး ကျွမ်းကျင်မှုအဆင့်အထိ ရောက်အောင် ဆက်လက်ဆောင်ရွက်နေပါကြောင်း။

သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရာတွင် Grade -1,2,3,6 ကျောင်းသုံး ဖတ်စာအုပ်များ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် Grade-3 နှင့် Grade-6 အလယ်တန်း၊ မူလတန်း ကျောင်းသုံးဖတ်စာ အုပ်များနှင့်ပတ်သက်ပြီး မူလတန်းနှင့် အလယ်တန်း ဆရာ၊ ဆရာမ အားလုံးကို သင်တန်းပေးနေပြီဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် Grade-4၊ Grade-7၊ Grade-10 ကျောင်းသုံးဖတ်စာအုပ်အသစ်များပြီးအောင် ရေးဆွဲပြုစု ဆောင်ရွက်နေပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၂ တန်းလုံးအတွက် ကျောင်းသုံးဖတ်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ ပြီးစီးအောင်ပြုစုနေပါကြောင်း။

စနစ်သစ်တွင် သူငယ်တန်းကို Kindergarten၊ ပထမတန်းကို Grade-1၊ ဒုတိယတန်းကို Grade-2၊ တတိယတန်းကို Grade-3၊ စတုတ္ထတန်းကို Grade-4၊ ပဉ္စမတန်းကို Grade-5၊ ဆဋ္ဌမတန်းကို Grade-6၊ သတ္တမတန်းကို Grade-7၊ အဋ္ဌမတန်းကို Grade-8၊ နဝမတန်းကို Grade-9၊ ဒသမတန်းကို Grade-10၊ ဧကာဒသမတန်းကို Grade-11၊ ဒွါဒသမတန်းကို Grade-12 ဟု အတန်းစနစ်များကို ပြုပြင်ပြောင်းလဲဆောင်ရွက်နေပါကြောင်း။

ဆရာ၊ ကျောင်းသားဦးရေကဏ္ဍတွင် အစိုးရကျောင်း ၄၇၀ဝ၅ ကျောင်း၊ ဆရာ ဦးရေ ၄၀၄၄၄၄ ဦးရေရှိပြီး ကျောင်းသားကျောင်းသူဦးရေမှာ ၉၁၄၄၄၆၉ ရှိပါကြောင်း၊  အစိုးရကျောင်းနှင့် ပုဂ္ဂလိကပေါင်းပါက ကျောင်းသားဦးရေ ၉၇၀၇၀၈၀ ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့်ကျောင်းများ အရေအတွက် ပိုမိုတိုးတက်လာပြီး ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပိုမိုတိုးမြှင့်ဖွင့်လှစ် ပေးနိုင်ခဲ့ကာ ကျောင်းသား ကျောင်းသူများလည်း ပိုမိုတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

လိုအပ်သည့် ကျောင်းဆောင်များကိုလည်း ခွင့်ပြုသည့် ရန်ပုံငွေဖြင့် ဘဏ္ဍာငွေ အပေါ်မူတည်ပြီး ဆောင်ရွက်ပေးနေပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များတွင် စာရိတ္တနှင့် ပြည်သူ့နီတိစာအုပ်ကို အခမဲ့ဖြန့်ဝေခြင်း၊ ဆရာ၊ ဆရာမများအား ဆရာကိုင်စာအုပ်များ အခမဲ့ဖြန့်ဝေခြင်း၊ ဆရာ၊ ဆရာမ လမ်းညွှန်စာအုပ်များ အခမမဲ့ ဖြန့်ဝေခြင်းနှင့် လက်တွေ့ စာသင်ခန်းသုံး ပစ္စည်းများကိုလည်း ထောက်ပံ့ပေးနေပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုဦးရေမှာ ယခင်နှစ်က ဦးရေထက် ပိုမိုတိုးတက်လာပါကြောင်း။

 ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူဦးရေမှာ ၈၅၀ဝ၀ဝ ရှိခဲ့ပြီး အမြင်အာရုံ မသန်စွမ်းသူများ၊ အကြားအာရုံ မသန်စွမ်းသူများ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများနှင့် ရွှေ့ပြောင်းလုပ်သား မိသားစုများမှ ဝင်ရောက်ဖြေ ဆိုသူအကျဉ်းထောင်များမှ ဝင်ရောက်ဖြေဆိုသူများ များပြားလာပါကြောင်း၊ ကျောင်းသား၊ ဆရာ၊ မိဘအုပ်ထိန်းသူ ပြည်သူများနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေး အရက်၊ ဘီယာမသုံးစွဲရေး၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ် စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံ အသိပညာပေးရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေး၊ ဂိမ်းစွဲလမ်းမှု ပပျောက်စေရေး တို့အတွက် ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် ဆွေးနွေးပွဲများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးပြုပြင်ပြောင်းလဲမှုအနေဖြင့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို တစ်နှစ်လုံးဆောင်ရွက်ခဲ့ပါကြောင်း၊ နည်းပညာနှင့် အသက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးအနေဖြင့် အစိုးရနည်းပညာအထက်တန်းကျောင်း၊ အစိုးရစက်မှု လက်မှုသိပ္ပံများပုံမှန်သင်တန်းများအပြင် ကာလတို သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးနေပါကြောင်း၊ ရွှေ့ပြောင်း နေထိုင်သူများ အတွက်လည်းဒေသနှင့် ကိုက်ညီသည့် သင်တန်းများကို ဖွင့်လှစ်စီစဉ် ဆောင်ရွက်ပေးနေပါကြောင်း။

ပါမောက္ခချုပ်များကော်မတီကို ဖွဲ့စည်းပြီး ညီလာခံ ၂ ကြိမ်ပြုလုပ်ခဲ့ကာ လုပ်ငန်း ကော်မတီ ၉ ခုဖွဲ့စည်းခြင်းနှင့် အထူးအပြုအဖွဲ့ ၈ ဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေပါကြောင်း။ 

ဆရာ ဆရာမ အရည်အသွေးမြင့်မားရေးအတွက် ၂ နှစ်သင်ပညာရေး ကောလိပ်များကို ၄ နှစ်သင်ပညာရေးဒီဂရီ ကောအလိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေပါကြောင်း၊ ဒေသလိုအပ်ချက် အထောက်အကူပြု ဘွဲ့သင်တန်းများဖြစ်သည့် အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်၊ မန္တလေး ဒီဂရီကောလိပ်တွင် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု ဘွဲ့ကြိုသင်တန်း ဖွင့်လှစ်ခြင်း၊ ရန်ကုန်တက္ကသိုလ်တွင် Fisheries and Aquaculture ဘွဲ့ကြိုသင်တန်း ဖွင့်လှစ်ခြင်း၊ စစ်တွေတက္ကသိုလ်တွင် Marine Science ဘွဲ့ကြိုသင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း။

ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူများ ပိုမိုသင်ကြားလာပြီး ဘွဲ့ရဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံသို့ ပညာသင်ဦးရေ ၁၈၉၀ ကို စေလွှတ်နိုင်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများ ကျောင်းနေမြဲပြီး ပညာသင်ယူမှု အရည်အသွေးကောင်းမွန်အောင် နိုင်ငံတကာမိတ်ဖက်အဖွဲ့ အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခြင်းအပိုင်းတွင် တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ၏ အကျိုးသက်ရောက်မှုတစ်ခုအဖြစ် တိုင်းပြည်၏ စီးပွားရေးကို အထောက်အကူပြုစေမည့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ၂၀၁၈ ခုနှစ် မတ် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း။ 

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်အသင်းကြီးက ကြီးမှူး၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်ကြီးဖြစ်သော "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" ပွဲတော်ကြီးကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း။ 

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ရက်များတွင် မြန်မာတိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အက ဓလေ့ အဝတ်အထည်နှင့် စားသောက်ကုန်များ၊ စာပေဂီတ တူရိယာများ၊ ရိုးရာဓလေ့လုပ်ငန်းသုံးပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ တိုင်းရင်းသား လူမျိုးအလိုက် သမိုင်း၊ လွတ်လပ်ရေးအတူကြိုးပမ်းခဲ့ကြသည့် သမိုင်း၊ စာအုပ်စာပေများ၊ စီးပွားရေးလုပ်ငန်းများ ဒေသထွက်ကုန်များ၊ ခရီးသွားလုပ်ငန်းရှင်များ၏ ပြခန်းများ၊ ဒေသအလိုက် သဘာဝတန်ဖိုးမြှင့်ထုတ်ကုန်များ၊  ဒေသအလိုက် ခရီးသွားလုပ်ငန်းများ၊ တိုင်းရင်းသား ခရီးသွားဒေသများနှင့် အထင်ကရနေရာများ၊ ဒေသထွက်ကုန် အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းပြခန်းများ ခင်းကျင်းပြသခဲ့သည့်အပြင် Miss Ethnic Myanmar 2019 တိုင်းရင်းသား အလှမယ်ရွေးချယ်ပွဲကို ကျင်းပခဲ့ရာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ပြည်သူများ၊ နိုင်ငံတကာသံတမန်များ၊ နိုင်ငံခြားသားများ လာရောက်လေ့လာ အားပေးခဲ့ကြပါကြောင်း။ 

ထို့ပြင် ပွဲတော်ကြီးအား ဂုဏ်ပြုသည့်အနေဖြင့် “အပြောင်းအလဲ-စိန်ခေါ်မှုများမှ အခွင့်အလမ်းများဆီသို့” ဖိုရမ် Change-Challenges to Opportunities အား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၄ ရက်၌ ကျင်းပခဲ့ပါကြောင်း။ 

တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားပွဲတော်များကို ပြည်ထောင်စု နယ်မြေနေပြည်တော်တွင် ကျင်းပသည့်အခါ ဝန်ကြီးဌာနက ထောက်ပံ့ကူညီပေးပြီး တိုင်း ဒေသကြီးပြည်နယ်များတွင် ကျင်းပသည့်အခါ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် ပေးပါကြောင်း၊ ၂၀၁၈ နှင့်၂၀၁၉ ခုနှစ်အတွင်းကျင်းပခဲ့သည့် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်လှူဒါန်းခြင်းအခမ်းအနား၊ အာခါအမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်၊ ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်၊ ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင်နှစ်သစ် ကူးနေ့အခမ်းအနား၊ ၆၇ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား၊ ကိုးကန့်တိုင်းရင်းသား လူမျိုးများ၏ နှစ်သစ်ကူးအထိမ်း အမှတ်ပွဲတော်၊ ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား၊ ဒဿမအကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့၊ ပအိုဝ်းအမျိုးသားနေ့ (အကြို) အခမ်းအနား၊ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနား၊ ၆၁ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုး(ခေါ်) ဂန်းခွမ့်တံခွန်တိုင်ပွဲတော် အခမ်းအနား၊ ၁၉ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ တက်ရောက်ခြင်းနှင့် အလှူငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အချို့အခမ်းအနားများတွင် သဝဏ်လွှာပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

တိုင်းရင်းသားပညာရေးကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားပေးသည့် သင်ကြား ရေးအထောက်အကူပြု နေ့စားလပေး ဆရာ ဆရာမ Teaching Assistant (TA)များ ခန့်ထားနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးပြည်နယ် များနှင့် နေပြည်တော်တို့တွင် (TA) ဆရာ၊ ဆရာမ ၅၁၆၁ ဦးကို ခန့်ထားနိုင်ခဲ့ပါကြောင်း။  

Teaching Assistant ခန့်ထားပြီး ၅၁၆၁ ဦးအနက် ဘွဲ့ရ ၇၁၉ ဦးကို ပညာရေး ကောလိပ်တွင် မူလတန်းပြ ဆရာဆရာမများအဖြစ် ခန့်ထားပေးနိုင်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
 
၂၀၁၉ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားပေးမည့် သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ ဆရာမ Teaching Assistant TA များနှင့် တိုင်းရင်းသားဘာသာစကားတတ်ကျွမ်းသော ပြင်ပမှ ဆရာ ဆရာမများကို တစ်လလျှင် ကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ဘာသာစကားသင် ဆရာ ဆရာမ Language Teacher များကို ကျောင်းဖွင့်အမီ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာများ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း။

တိုင်းရင်းသား ကလေးငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် KG တန်းများအတွက် အခြေခံဖြစ်သော တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာ ၂ မျိုး ပုံပြပုံပြင် စာအုပ် (ရုပ်ပြ)များကို တိုင်းရင်းသားဘာသာ ၆၆ မျိုး ဖြင့်A5အရွယ်အုပ်ရေ ၃၄၁၂၂၃၀ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိဆောင်ရွက်လျက်ရှိပါကြောင်း။ 

တိုင်းရင်းသားကျန်းမာရေးကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၈ ခုနှစ် မတ် ၆ ရက်တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်ကို တိုင်းရင်းသား ဘာသာသို့ ပြန်ဆိုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး တိုင်းရင်းသားဘာသာများဖြင့် ပုံနှိပ်ဖြန့်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရေးပိုစတာ၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံရေး ပိုစတာ၊ တုပ်ကွေးရောဂါကာကွယ်ရေး ပိုစတာများကို တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုပြီး ကျန်းမာရေးပညာပေးခဲ့သည့်အတွက် တိုင်းရင်းသားများအနေဖြင့် အလွယ်တကူနားလည် သဘောပေါက်သောကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါကြောင်း။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်မြင့်မားလာစေရန်အတွက် ပြည်ပနိုင်ငံများသို့ ၃ နှစ်တာအတွင်း လေ့လာရေး၊ ဆွေးနွေးပွဲများသို့ ၂၇ ဦး၊ သင်တန်းများသို့ ၁၀ ဦး စေလွှတ်နိုင်ခဲ့ပါကြောင်း။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလူမျိုးစုရေးရာ ကော်မရှင် ဒုတိယဝန်ကြီး Mr. LI Changping ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ၅ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းနှစ်နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြပြီး အမျိုးသားလူမျိုးစုရေးရာကော်မရှင် အုပ်ချုပ်မှုအောက်ရှိ တက္ကသိုလ်များ၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာ သင်တန်းများတွင် ပညာသင်များအဖြစ် တက်ရောက်နိုင် ရေးကိစ္စများအပါအဝင် တိုင်းရင်းသားရေးရာ ကိစ္စများအတွက် နားလည်မှုစာချွန်လွှာ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။

တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အနေဖြင့် တစ်နေရာတည်းတွင် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုများ ရိုးရာအသုံး အဆောင်ပစ္စည်းများကို သိရှိနိုင်စေရန် ဝန်ကြီးဌာန ရုံးအမှတ် ၁၄ ၌ တိုင်းရင်းသားလူမျိုးစု ၅၀ ၏ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာအသုံးအဆောင် ပစ္စည်းများကို ပြခန်းများဖြင့် ခင်းကျင်းပြသ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

တိမ်မြှုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော လူမျိုးစုတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ ပွဲတော်များကို ကွင်းဆင်းမှတ်တမ်းတင်လျက်ရှိရာ “ထနော့” တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့များကို Documentary ရုပ်သံမှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း။ 

တိုင်းရင်းသားများအား လေ့လာရေးဖိတ်ကြားခြင်းနှင့် တွေ့ဆုံမှုပြုခြင်းအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင် ကရင် ချင်း ဗမာ ရခိုင် ရှမ်း တအောင်း လီဆူ လူမျိုးများနှင့် ရခိုင်ပြည်နယ်မှ ရခိုင်၊ ခမီ၊ မြို၊ သက်၊ မရမာကြီး၊ ဒိုင်းနက်၊ အရှိုးချင်းနှင့် မင်းပြား၊ မြေပုံ၊ ရမ်းဗြဲဒေသများမှချင်း လူမျိုးများပါဝင်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ  ၁၇ ရက်အထိ နေပြည်တော်သို့ လေ့လာရေး ခရီးစဉ် ပထမအကြိမ်အဖြစ် ဖိတ်ခေါ်ခဲ့ပါကြောင်း။ 

ဒေသဖွံ့ဖြိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း အပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီးရှိ ဆလုံတိုင်းရင်းသားများအတွက်  တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေ ကျပ် ၆၁၆ သိန်းဖြင့် ဆန်နှင့်ငါးဖမ်းလှေငယ်များ ထောက်ပံ့နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနက Focal အဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ရခိုင် ပြည်နယ်ရှိ ခမီ၊ မြို၊ ဒိုင်းနက် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများ၌ သောက်သုံးရေကန်အသစ် တူးဖော်နိုင်ရေး၊ သောက်သုံးရေကန်ဟောင်း ပြည်လည်တူးဖော်ပေးနိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပေးခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၁၆ ခုနှစ် မိုရာမုန်တိုင်းကြောင့် ပျက်စီးခဲ့သော ဆေးပေးခန်းများ ပြည်လည်ဆောက်လုပ်ပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနများနှင့် ညှိနှိုင်းခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုအခါ ကျပ်သိန်း ၂၀ ကုန်ကျခံ၍ ယာယီပြုပြင်ထားပြီး ဖြစ်ပါကြောင်း။
 
ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ခရားအတွင်းရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ဆောင် မလုံလောက်သည့်အတွက် တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)စာရင်းတွင် ပေ ၁၂၀ X ပေ ၃၀ RCC (၁) ထပ်ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ရန် မြို့နယ်ဦးစားပေး အစီအစဉ်အရ  ပညာရေးဝန်ကြီးဌာနက ထည့်သွင်းလျာထားပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၊ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်တို့အတွင်း ကျေးရွာပေါင်း ၃၀ ခန့် (NEP နှင့် ၁၀ မိုင်ကျော်ကွာဝေးသည့်ကျေးရွာများ)တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်၏ အထောက်အပံ့ဖြင့် ဆိုလာပြားများ တပ်ဆင်ပေးနိုင်ရန် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ မူကြမ်းအပေါ် သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်များ၌ မင်္ဂလာသီရိဟိုတယ်တွင် တတိယအကြိမ် ကျင်းပခဲ့ပါကြောင်း။

နည်းဥပဒေမူကြမ်းအပေါ် ဝန်ကြီးဌာန၏ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့မှ အတည်ပြုရေးဆွဲခဲ့ပြီး ဝန်ကြီးဌာန၏ ဌာနအကြီးအကဲများက စိစစ်သုံးသပ်ကာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး သဘောတူပါက ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်းအပိုင်းတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါအကြောင်း အရာများကို တိုင်းဒေသကြီးပြည်နယ်များတွင် တိုင်းရင်းသားများအား ရှင်းလင်းတင်ပြခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်မှုများနှင့်အတူ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခဲ့ရာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင်  ၆၁ ကြိမ် ပြုလုပ်ရန်လျာထားရာ၌ ၅၅ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း။

တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များနှင့် စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ ရေးဆွဲပြီး တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးနွယ်စုအမည် မှန်ကန်စွာ မှတ်တမ်းပြုရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး၊ ကျားမတန်းတူရေး၊ လူငယ်ရေးရာများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရေး၊ ပျောက်ကွယ် လုနီးပါးဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ တည်တံ့ခိုင်မြဲရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ စီမံကိန်းများ ဆောင်ရွက်ရာ၌ ဒေသခံများအား ကြိုတင်ညှိနှိုင်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဒေသခံများပါဝင်ရေး၊ ဆေးဖက်ဝင်အပင်များ ထိန်းသိမ်းရေး၊ အငြင်းပွားမှု ဖြေရှင်းရေး၊ ပဋိပက္ခဖြစ်ပွားမှု လေ့လာဆန်းစစ်ရေး စသည့် ကဏ္ဍများပါဝင်ပါကြောင်း။

ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များနှင့် တိုင်းရင်းသားများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆက်လက်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ တိုင်းဒေသကြီးပြည်နယ် ဦးစီးဌာနညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်များ ဆောက်လုပ်သွားမည်၊ ဝန်ထမ်းအင်အား ဖြည့်တင်းခန့်ရေး ဆောင်ရွက်သွားမည်၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားမည့် သင်ကြားရေး အထောက်အကူပြု Teaching Assistant နှင့် တိုင်းရင်းသား ဘာသာတတ်ကျွမ်းသော ဘာသာစကားသင် ဆရာဆရာမ Language Teacher များ ခန့်ထားနိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်၊ တိမ်မြှုပ်ပျောက်ကွယ် လုနီးပါးဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ Documen-tary များ မှတ်တမ်းတင် ရိုက်ကူးနိုင်ရေး ဆောင်ရွက်သွားမည်၊ မူလတန်းကြို KG တန်းများအတွက် တိုင်းရင်းသား ကလေးငယ်များ စာသင်ကြားရာ၌ အထောက်အကူဖြစ်စေရန် တိုင်းရင်းသားရိုးရာပုံပြပုံပြင် စာအုပ်များ ထုတ်ဝေဖြန့်ချိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ထို့ပြင် နွေရာသီကာလ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအကြောင်းအရာများကို တိုင်းဒေသကြီး ပြည်နယ်များတွင် တိုင်းရင်းသားများအား ရှင်းလင်းတင်ပြခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်မှုများနှင့်အတူ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်၊ တိုင်းရင်းသားကျေးရွာ (ရန်ကုန်)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီး Focal Ministry အဖြစ်ဆောင်ရွက် သွားပါမည်၊ တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များနှင့် စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ ခုနှစ်ရေးဆွဲပြီး တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တိုင်းရင်းသားရေးရာကိစ္စများ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ MoU ရေးထိုးနိုင်ရေးဆောင်ရွက်သွားမည်၊ တိုင်းဒေသကြီး ပြည်နယ်များ၌ တိုင်းရင်းသားလုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းသွားမည်၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခမ်းအနားများ ကျင်းပခြင်းကို အားပေးကူညီမှုများ ဆောင်ရွက်သွားမည်၊ တိုင်းရင်းသားများအား လေ့လာရေးခရီးစဉ်များကို ဖိတ်ခေါ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် နေပြည်တော်ကောင်စီ ခေတ္တအတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီအနေဖြင့် နိုင်ငံတော်အစိုးရ ပထမ(၁)နှစ်တာကာလ၊ ဒုတိယ (၁)နှစ်တာကာလနှင့် တတိယ(၁)နှစ်တာကာလတို့တွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ဆည်မြောင်း/ ရေတွင်း/ ရေကန်၊ လျှပ်စစ်မီးလင်းရေးနှင့် အခြားဒေသဖွံ့ဖြိုးရေး ကဏ္ဍများကို ပြည်ထောင်စု ရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ၊ နေပြည်တော်ကောင်စီ ရန်ပုံငွေနှင့် ဒေသအစီအစဉ် အလှူရှင်များ၏ ဆောင်ရွက်မှုစသည့်ဖြင့်လည်းကောင်း လုပ်ငန်းပေါင်း ၄၇၀၃ ခုကို ငွေကျပ်သန်းပေါင်း ၁၇၄၈၈၅ ဒသမ ၅၁၁ သန်း သုံးစွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်အစိုးရ တတိယ(၁)နှစ်တာကာလအတွင်း   ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်း/တံတားကဏ္ဍ၊ ဆည်မြောင်းကဏ္ဍ၊ မီးလင်းရေးကဏ္ဍ၊ ရေရရှိရေး ကဏ္ဍနှင့် အခြားဒေသ ဖွံ့ဖြိုးရေးကဏ္ဍ စသည့် လုပ်ငန်းပေါင်း ၁၈၈၀ ခုကို  တန်ဖိုးငွေကျပ် ၉၀၇၈၈ ဒသမ ၇၀၉ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ပညာရေးကဏ္ဍတွင် တတိယ(၁)နှစ်တာကာလအတွင်း မြို့နယ်(၈)မြို့နယ်တွင် လုပ်ငန်းပေါင်း ၁၀၆ ခုကို ငွေကျပ်သန်းပေါင်း ၅၄၉၂ ဒသမ ၆၇၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ တတိယ(၁)နှစ်တာကာလတွင် မူလတန်းကျောင်းခွဲမှ အထက်တန်းကျောင်းအထိ ကျောင်းပေါင်း ၉၇ ကျောင်းအား အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ခွင့်ပြုသည့် ဆရာ/ဆရာမ အင်အား ၈၁၁၃ ဦးအနက်မှ ၇၇၈၉ ဦးကို ပညာသင်နှစ်အလိုက် ခန့်အပ်နိုင်ခဲ့ပါကြောင်း၊ ဆရာ ဆရာမနှင့် ကျောင်းသားအင်အား အချိုးမှာ အထက်တန်း ၁ အချိုး ၂၃၊ အလယ်တန်း ၁ အချိုး ၂၅ နှင့် မူလတန်း ၁ အချိုး ၃၁ ဖြစ်ပါကြောင်း။

ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတော်အစိုးရ တတိယ(၁)နှစ်တာကာလအတွင်း စုစုပေါင်း ကျန်းမာရေးကဏ္ဍ လုပ်ငန်းပေါင်း(၂၆)ခုကို ငွေကျပ် ၁၈၁၀ ဒသမ ၅၆၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊  ပြည်သူ့ဆေးရုံ ၁၁ ရုံတွင် ဆရာဝန် ၁၅၇ ဦး၊ သူနာပြု ၇၁၁ ဦး ခန့်အပ်ထားရှိပြီး ဆရာဝန်နှင့် လူဦးရေအချိုးမှာ ၁ အချိုး ၇၆၀ဝ၊ သူနာပြုနှင့် လူဦးရေ အချိုးမှာ ၁ အချိုး ၃၄၈၉ ဖြစ်ပါကြောင်း။

လမ်းတံတားကဏ္ဍတွင် နိုင်ငံတော်အစိုးရ တတိယ(၁)နှစ်တာ ကာလအတွင်း လမ်းတံတားကဏ္ဍလုပ်ငန်းပေါင်း ၈၇၁ ခုကို ငွေကျပ်သန်းပေါင်း ၃၄၃၅၃ ဒသမ ၂၅၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

ဆည်မြောင်းကဏ္ဍတွင် နိုင်ငံတော်အစိုးရ တတိယ(၁)နှစ်တာကာလအတွင်း လုပ်ငန်းပေါင်း ၁၈၀ ခုကို ငွေကျပ်သန်းပေါင်း ၉၄၅၄ ဒသမ ၂၅၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆင်သေလက်ဝဲမြောင်း ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၀၆၄ ဒသမ ၁၂၁ သန်းဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ (၆)လတာကာလနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၄၄၉၁ ဒသမ ၅၅၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးပါက ဆည်ရေသောက်ဧရိယာ ၆၈၄၆ ဧကကို စိုက်ပျိုးရေ ဖူလုံစွာပေးဝေနိုင်မည့်အပြင် လယ်မြေ ၉၅၅ ဧကကိ်ုလည်း ထပ်မံရေပေးဝေနိ်ုင်မည်ဖြစ်ပါကြောင်း။

လျှပ်စစ်မီးလင်းရေးကဏ္ဍတွင် နိုင်ငံတော်အစိုးရ တတိယ(၁)နှစ်တာ ကာလအတွင်း လုပ်ငန်းပေါင်း ၂၀၆ ခုကို ငွေကျပ်သန်းပေါင်း ၁၅၂၃၇ ဒသမ ၁၂၉ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ရေရရှိရေးကဏ္ဍတွင်လည်း နိုင်ငံတော်အစိုးရ တတိယ(၁)နှစ်တာ ကာလအတွင်း လုပ်ငန်းပေါင်း ၁၂၇ ခုကို ငွေကျပ်သန်းပေါင်း ၆၅၄၀  ဒသမ ၇၉၄ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အခြားဖွံ့ဖြိုးရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ တတိယ(၁)နှစ်တာ ကာလအတွင်း လုပ်ငန်းအရေအတွက် ၃၆၄ ခုကို ငွေကျပ်သန်းပေါင်း ၁၇၉၀ဝ ဒသမ ဝ၃၆ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မြေယာကိစ္စရပ်များ စီမံခန့်ခွဲဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ ပထမ(၁)နှစ်တာကာလတွင် တောင်သူ ၂၃ ဦးအတွက် ၅၈ ဒသမ ၅၅ ဧကကိုလည်းကောင်း၊ ဒုတိယ(၁)နှစ်တာကာလတွင် တောင်သူ ၅ ဦးကို ၁၀ ဒသမ ၈၆ ဧကနှင့် တတိယ(၁)နှစ်တာ ကာလတွင် တောင်သူ ၃၁ ဦးကို  ၇၂ ဒသမ ၅၅ ဧကကို လည်းကောင်း လယ်ယာမြေနှင့် အခြားနည်းအသုံးပြုနိုင်ရေး ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း။

လုံခြုံရေးကဏ္ဍတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မှုခင်းဖြစ်ပွားမှု အခြေအနေမှာ နိုင်ငံတော်အစိုးရ တတိယနှစ်(၁)နှစ်တာကာလအတွင်း အမှုကြီး ၁၀ မျိုး ဖြစ်ပွားမှု ၈၃ မှု ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားမှုအများဆုံး အမှုများမှာ လူသတ်မှုနှင့် မုဒိမ်းမှုများဖြစ်ပါကြောင်း။

အခြားအမှု ၁၀ မျိုး ဖြစ်ပွားမှုမှာ ၂၀၉၂ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၁၆ ခု တိုးလာခဲ့ပါကြောင်း။

ကြိုကာမှု ၁၀ မျိုး ဖြစ်ပွားမှုမှာ ၁၉၂၄ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၇၄၁ ခု လျော့ကျခဲ့ပါကြောင်း။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကဏ္ဍအလိုက် နှစ်စဉ်စီမံကိန်း လျာထားချက်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် လူတစ်ဦးချင်း ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ ယာယီစာရင်းအရ ၁၅၄၀၇၀၆ ကျပ်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၁၆၂၆၆၃၉ ကျပ် ရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်သူ့ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ဆောင်ရွက်မှုအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၈ မြို့နယ်တွင် ဖွင့်လှစ်ထားသော ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) များမှ နိုင်ငံတော်အစိုးရ ပထမ(၁)နှစ်တာကာလအတွင်း လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မှု ၃၂၇၂၁ ခုဖြစ်ပြီး ဒုတိယ(၁)နှစ်တာအတွင်း ဝန်ဆောင်မှုပေးနိုင်မှုမှာ ၃၁၁၆၀ ခုနှင့် တတိယ (၁)နှစ်တာကာလအတွင်းမှာ ၃၁၇၅၈ ခုကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါကြောင်း။

သဘာဝဘေး ကယ်ဆယ်ရေးအနေဖြင့် သဘာဝဘေးဖြစ်ပွားမှု ၁၇၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ်သန်း ၁၄၄ ဒသမ ဝ၃ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။
စိုက်ပျိုးရေးအပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးမျိုး ၁၃ မျိုးကို ၁၇၁၅၁၄ ဧက၌ စိုက်ပျိုးခဲ့ပြီး ၁၇၁၀၇၅ ဧက ရိတ်သိမ်းခဲ့ကာ စပါးအထွက်နှုန်းမှာ ၁ ဧကလျင် ၈၄ ဒသမ ၃၇ တင်းထွက်ရှိခဲ့ပါကြောင်း၊ နွေစပါးမျိုးကွဲအလိုက် စိုက်ပျိုးမှုမှာ ၂၁၅၁၆ ဧကဖြစ်ပြီး ဒေသဝမ်းစာဖူလုံမှုအနေဖြင့် ဆန်ဖူလုံမှုမှာ ၁၀၄ ဒသမ ၄၈ ရာခိုင်နှုန်း၊ ဆီဖူလုံမှုမှာ ၁၁၉ ဒသမ ၅၂ ရာခိုင်နှုန်းနှင့် ပဲဖူလုံမှုမှာ ၃၈၇ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း။

မွေးမြူရေးအနေဖြင့် နိုင်ငံတော်အစိုးရ တတိယ(၁)နှစ်တာကာလအတွင်း နိုင်ငံတော် ထောက်ပံ့ငွေနှင့် မြစိမ်းရောင် (အသားကဏ္ဍ)၊ မျိုးကောင်းမျိုးသန့် မွေးဘဏ်စနစ်တို့ဖြင့် ကျေးရွာ ၃ ရွာတွင် နွားအကောင်ရေ ၆၀ ကောင်၊ ဝက်အကောင်ရေ ၆၀ဝ ကောင်အား ငွေကျပ်သန်း ၉၀ ဖြင့် မွေးမြူဆောင်ရွက်ခဲ့ပါကြောင်း။

ဒေသတွင်း ငါးမွေးမြူထုတ်လုပ်မှုအနေဖြင့် ငါးမျိုးခွဲပေါင်း ၁၁ မျိုးကို ငါးမျိုးကောင်ရေ သိန်းပေါင်း ၄၀ဝ ဒသမ ၃၈၅ သိန်းထုတ်လုပ် ဖြန့်ဖြူးနိုင်ခဲ့ပါကြောင်း။

တရားမဝင်သစ်ဖမ်းဆီးရရှိမှုအနေဖြင့် သစ်လုံး၊ သစ်ခွဲသား၊ သစ်တိုင် စုစုပေါင်း ၇၀၁ ဒသမ ၂၁၂၈ တန်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ ပုဂ္ဂလိက (ကျွန်း/သစ်မာ) စိုက်ခင်းတည်ထောင် ပြီးစီးမှုစာရင်းမှာ ကျွန်း ၅၁၆ ဒသမ ၈ ဧက၊ သစ်မာ ၁၅၀ဝ ဒသမ ၅၀ ဧက စုစုပေါင်း ၂၀၁၇ ဒသမ ၃ ဧက တည်ထောင်နိုင်ခဲ့ပါကြောင်း၊ ဒေသအစုအဖွဲ့ပိုင် သစ်တောတည်ထောင်မှု အနေဖြင့် ၁၄၄ ဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ၄၈၅၄ ဒသမ ၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါကြောင်း။

ပြည်ထောင်စုနယ်မြေ နယ်မြေအတွင်း (မြို့တွင်း) ယာဉ်လိုင်းပြေးဆွဲမှုအနေဖြင့် အစိုးရ တတိယ(၁)နှစ်တာကာလအတွင်း ရွှေပြည်သစ်ယာဉ်လိုင်းမှ (၁၀၃)စီး၊ ရွှေအောင်လံ ယာဉ်လိုင်းမှ (၃၅)စီး၊ ရွှေသပြေယာဉ်လိုင်းမှ (၅၃)စီးနှင့် နေပြည်တော် အဆင့်မြင့်ယာဉ်လိုင်းမှ (၁၉)စီး စုစုပေါင်းယာဉ်လိုင်း (၄)လိုင်းတို့မှ ယာဉ်စီးရေ (၂၁၀)စီးတို့ဖြင့် ပြေးဆွဲလျက် ရှိပြီး မူလပြေးဆွဲနေသော ယာဉ်လိုင်းများမှ တော်ဝင်ယာဉ်အသင်းသည် မြို့တွင်းကြီးကြပ်မှုအောက်၌ ပြေးဆွဲခြင်းမရှိသည့်အပြင် ရွှေမြို့တော်ယာဉ်အသင်းအနေဖြင့်လည်း ယာဉ်လိုင်း ဖျက်သိမ်းသွားခဲ့ပြီး ဖြစ်ပါကြောင်း၊ ခရီးသယ်ပို့ဆောင်ရေး(အဝေးပြေး)အနေဖြင့် နေပြည်တော်နှင့် အခြားပြည်နယ်/တိုင်းဒေသကြီး အပါအဝင်ယာဉ်စီးရေ စုစုပေါင်း (၁၅၅၅) စီးဖြင့် ပြေးဆွဲလျက်ရှိပါကြောင်း။

နေပြည်တော်ကောင်စီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်လုပ်ကိုင်ရ မည့် လုပ်ငန်းများအနေဖြင့် လုပ်ငန်းခေါင်းစဉ်ကြီး ၆ ခုတွင် လုပ်ငန်းပေါင်း ၅၉၅ ခုအတွက် ကျပ်သန်းပေါင်း ၈၉၆၈၀ ဒသမ ၁၉၀ သန်း ခွင့်ပြုချထားပေးပြီးဖြစ်သည့်အတွက် ညွှန်ကြားချက်များနှင့်အညီ စံချိန်စံညွှန်းကိုက်ညီအောင် ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သတင်းမီဒီယာများက အခြေခံပညာအဆင့် စာမေးပွဲများကို လာမည့်နှစ်၌ မတ်တွင် ကျင်းပသွားမည့်ကိစ္စ၊ အဆင့်မြင့်ပညာကဏ္ဍတွင် အဝေးသင်ဝိဇ္ဇာတန်းများ ဖွင့်လှစ်နေမှု၊ အမျိုးသားပညာရေးဥပဒေနှင့် ဆက်စပ် ဥပဒေများ ရေးဆွဲနေမှုအခြေအနေ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဆောက်လုပ်မည့် အစီအစဉ်၊ စစ်ဘေးရှောင်စခန်းများရှိ ကလေးများ ပညာသင်ကြားရေးအတွက် ဆောင်ရွက် လျက်ရှိသည့် အစီအမံ၊ သင်ရိုးသစ်အတွက် ဖွင့်လှစ်သည့် သင်တန်းများတွင် ဆရာ၊ဆရာမများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ရာထူးတိုးမြှင့်ခြင်းနှင့် အပြောင်းအရွှေ့ ဆောင်ရွက်နေမှုလုပ်ငန်းစဉ်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘဏ္ဍာငွေရရှိမှု၊ နေပြည်တော်ကောင်စီနယ်မြေတွင် မိုးရာသီရေကြီး နစ်မြှုပ်မှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ နေပြည်တော်တွင် ကျူးကျော်နေထိုင်သူများကို ဖြေရှင်းဆောင်ရွက်နေမှု၊ နေပြည်တော်သာယာလှပရေးအတွက် ပန်းအဝိုင်းများအား ပြင်ဆင်ဆောင်ရွက်နေမှု၊ နေပြည်တော်ကောင်စီတွင် သတင်းရယူခွင့် မြန်ဆန်သွက်လက်ရေး အစီအမံ၊ လေလွင့်ကလေးများ ထိန်းသိမ်းပျိုးထောင်ပေးမည့် အစီအစဉ်၊ နေပြည်တော်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ နေပြည်တော်တွင် တရားဝင် ဂရမ်လျှောက်ထားမှု၊ နေပြည်တော် ၈ မြို့နယ်တွင် စိမ်းလန်းစိုပြေရေးအတွက် သုံးစွဲသည့် ဘဏ္ဍာငွေ၊ နေပြည်တော်ကို Green City အဖြစ် ဖော်ဆောင်လျက်ရှိသည့် အခြေအနေ၊ ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူမှု အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ 

မျိုးဝင်းကျော်