ပြည်ပတင်ပို့မည့် စျေးကွက် ကျယ်ပြန့်သည့်အပြင် စျေးနှုန်းရရှိသည့် ပဲတီစိမ်းကို တိုးချဲ့ စိုက်ပျိုးလာ

နေပြည်တော်၊  ၂၉  ဇန်နဝါရီ

ပြည်ပတင်ပို့မည့် စျေးကွက် ကျယ်ပြန့်သည့်အပြင် စျေးနှုန်းရရှိသည့် ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးလာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

 

ယခင်က တစ်နှစ်ပတ်လုံး စိုက်ပျိုးသည့် ပဲတီစိမ်းမှာ တန်ချိန် သုံးသိန်းကျော်သာ ထွက်ရှိသော်လည်း ယခုနောက်ပိုင်းတွင် တန်ချိန် ခြောက်သိန်းကျော်အထိ ထွက်ရှိလာကြောင်း ၎င်းက ဆက်ပြောသည်။

 

“ယခင်တုန်းက ပဲတီစိမ်းက တစ်နှစ်ပတ်လည်လုံးမှ တန်ချိန် သုံးသိန်းကျော်လောက်ထွက်တယ်၊ အခုနောက်ပိုင်းဆိုရင် တန်ချိန် ခြောက်သိန်းကျော်လောက် တစ်နှစ်ပတ်လုံး ထွက်တယ်၊ သူက နွေ မိုး ဆောင်း သုံးရာသီလုံး စိုက်ပျိုးလို့ရတယ်၊  စိုက်ပျိုးတဲ့ နယ်တွေကလည်း သဘောက အညာဒေသအပြင်ကို ဒီဘက်မှာဆိုလည်း ပဲခူးအရှေ့  အနောက်မှာလည်း စိုက်ပျိုးတယ်၊ နောက် အဓိကက ခရမ်းရွှေဝါဆိုတာ နာမည်ကြီးပေါ့လေ၊  ရန်ကုန်တိုင်း သုံးခွတို့ ခရမ်းတို့လည်း စိုက်ပျိုးတယ်၊ နောက် ပဲခူး သနပ်ပင်တို့ ကဝ တို့ အဲနား တစ်ဝိုက်မှာလည်း စိုက်ပျိုးတယ်၊ ပြောရင် သူက နွေ မိုး ဆောင်း သုံးရာသီလုံး ထွက်ရှိတဲ့ ပဲဖြစ်တော့ တစ်နှစ်ပတ်လည်လုံး အခုနောက်ပိုင်း  တင်ပို့တဲ့ အနေအထားကိုကြည့်ရင် တန်ချိန် ခြောက်သိန်းကျော်လောက်ထိကို  တင်ပို့လာတာတွေ့တယ်၊ ဒီနှစ်ဆိုရင် ဒီထက်တောင် ပိုများလာမယ်လို့ သုံးသပ်ပါတယ်” ဟု ဦးမင်းကိုဦး က ပြောသည်။

 

လက်ရှိ ပဲတီစိမ်း တစ်တန်လျှင် ကျပ် ၁၃ သိန်းမှ ၁၄ သိန်း ဝန်းကျင်ကြား ရရှိပြီး အဆိုပါ ပဲတီစိမ်းကို တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား ၊ မလေးရှားအပြင် ဥရောပ ဘက်သို့လည်း တင်ပို့လျက်ရှိသည်။

 

“အခုလက်ရှိ ပဲတီစိမ်း စျေးဆိုရင်လည်း အခုအချိန်ထိကို လက်ရှိ ထွက်လာတဲ့ ပဲတီစိမ်း အစပေါ်မူတည်ပြီး တန်စျေးနဲ့ဆိုရင် ၁၃ သိန်းခွဲ ၁၄ သိန်းနီးပါးလောက် ဖြစ်နေတာ၊ အဲတော့ သူရရှိတဲ့ FOB စျေးအရဆိုရင် တစ်တန်ကို ဒေါ်လာ ၁၀၀၀ လောက်ရှိတယ်၊ တစ်တန်ကို ဒေါ်လာ ၁၀၀၀/ ၁၁၀၀ ဝန်းကျင်အထိ ဖြစ်တဲ့အခါကျတော့ ပြောရင် ပဲတီစိမ်းစျေးကွက်က ကျယ်ပြန့်တယ်၊ ဒီအိန္ဒိယဘက်ကို သဘောက တင်ပို့တာကိုကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံက ထွက်တဲ့ ပဲတီစိမ်း ၁၀ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်း ထက်မပိုဘူး၊ အဲတော့ တော်ရုံတန်ရုံ ပဲတီစိမ်း အစ ကောင်းတယ်ဆိုရင် ဒီမူဆယ်ဘက်ကနေ တရုတ်ဘက်ကို သွားသလို တရုတ်ပြည်တွင်းကိုလည်း ရေလမ်းကနေ တင်ပို့တာလည်းရှိတယ်၊ ထိုနည်းလည်းကောင်းဘဲ အာဆီယံ နိုင်ငံဆိုရင်လည်း ဒီမှာ ပဲတီစိမ်းက အင်ဒိုနီးရှားတို့ မလေးတို့လည်း သွားတာရှိတယ်၊ ဒီလိုပဲ တခြားနိုင်ငံတွေမှာဆိုလည်း ယူရုတ်အထိ ဥရောပ နိုင်ငံအထိလည်း ကျယ်ပြန့်တဲ့စျေးကွက် သူက ရှိတယ်ဆိုတော့ ပြောရင် ပဲတီစိမ်း စျေးကွက်က တော်တော်လေး ကျယ်ပြန့်ပါတယ်” ဟု ဦးမင်းကိုဦး က ဆက်ပြောသည်။

 

သို့ဖြစ်၍ စျေးကွက်ကျယ်ပြန်သည့် ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးရန် ပဲစိုက်တောင်သူများအား အစိုးရနှင့် အသင်းအဖွဲ့များက တိုက်တွန်းထားသည်။

 

“ပဲတီစိမ်းက ပြောရင် စျေးကွက်ကျယ်တယ်၊ ဒါကြောင့်လည်း ဘာပဲပြောပြော အိန္ဒိယကို မှီခိုနေရတဲ့ မတ်ပဲတို့ ပဲစဉ်းငုံတို့နေရာမှာ အကယ်၍ ပဲတီစိမ်း စိုက်ပျိုးလို့ရရင် ပဲတီစိမ်း စိုက်ပျိုးဖို့  အဓိကတော့ မတ်ပဲစိုက်ပျိုးတဲ့ နယ်တွေမှာတော့ ပဲတီစိမ်း စိုက်ပျိုးလို့ ဖြစ်တဲ့နယ် ၆၀ ရာခိုင်နှုန်းလောက်တော့ ဖြစ်ကြတာပေါ့၊ ဖြစ်တော့ ဒီပဲတီစိမ်း အဓိက စိုက်ပျိုးဖို့ ကိုလည်း နိုင်ငံတော်ကလည်း တိုက်တွန်းတယ်၊  ကျွန်တော်တို့ အသင်းအဖွဲ့တွေကလည်း တိုက်တွန်းတယ်”ဟု ဦးမင်းကိုဦး က ထပ်မံပြောကြားသည်။

 

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အဓိကတင်ပို့သည့် မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း သုံးမျိုးအနက် ပဲတီစိမ်းမှာ စျေးနှုန်း အမြင့်ဆုံးဖြင့် ဦးဆောင်နေပြီး မတ်ပဲမှာ တစ်တန်လျှင် ၉၅၀၀၀၀ ကျပ်နှင့် ပဲစဉ်းငုံမှာမူ တစ်တန်လျှင် ၈၁၀၀၀၀ ကျပ်ခန့်ရှိကြောင်း ပဲစျေးကွက်အတွင်းမှ သိရသည်။

 

ထို့ကြောင့် တောင်သူများအနေဖြင့်လည်း အိန္ဒိယ စျေးကွက်တစ်ခုထဲကိုသာ မှီခိုနေရသည့် မတ်ပဲ၊ ပဲစဉ်းငုံကို စိုက်ဧက သိသိသာသာလျှော့ချစိုက်ပျိုးလာကြောင်း သိရသည်။

ငြိမ်းငြိမ်း